ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ နောင်ခိုင်ခရိုင်မှာ လာအိုဘက်က မဲခေါင်မြစ်ဖြတ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပြီး သူတို့ဟာ အွန်လိုင်းလိမ်လည်ရေးနဲ့ Call Center လုပ်ငန်းတွေကို မြန်မာနိုင်ငံဘက် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ နောင်ခိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သံသယရှိတဲ့ Honda City ကားတစ်စီးကို နောင်ဆောင်ဟောင်လမ်းဆုံအနီးမှာ တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ကားပေါ်မှာ အသက် ၂၂ နှစ်ကနေ ၂၆ နှစ်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနဲ့ ထိုင်းယာဉ်မောင်းတစ်ဦး ပါလာတယ်လို့ သိရပါတယ်။
ကားနောက်ခန်းမှာ ညစ်ပေကျံနေတဲ့ ကျောပိုးအိတ် ၇ လုံး တွေ့ရှိခဲ့ပြီး အိတ်တွေထဲက Laptop ကွန်ပျူတာတွေ၊ အင်တာနက်အချက်ပြပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ တရုတ်နိုင်ငံသား ၄ ဦးထံမှာ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ကိုယ်ရေးအထောက်အထား တစ်စုံတစ်ရာလည်း မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။
ထိုင်းယာဉ်မောင်းဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသားကတော့ တရုတ်နိုင်ငံသားတွေကို နောင်ခိုင်ခရိုင် ဖုန်ဖိစိုင်ဒေသ မဲခေါင်မြစ်ကမ်းဘေးကနေ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့ဟာ လာအိုနိုင်ငံဘက်ကနေ လှေငယ်နဲ့ မဲခေါင်မြစ်ဖြတ်ပြီး ဝင်လာခဲ့တယ်လို့ ရဲထံ ထွက်ဆိုထားပါတယ်။
သူ့အနေနဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံ ဖိစနုလွတ်ခရိုင် အထိ ပို့ဆောင်ပေးဖို့ တာဝန်ယူထားပြီး အဲဒီနောက် တခြားသူတစ်ဦးက ဆက်လက်ခေါ်ဆောင်ကာ မြန်မာနိုင်ငံဘက် ပို့ပေးဖို့ စီစဉ်ထားတယ်လို့ ယာဉ်မောင်းက ထွက်ဆိုထားပါတယ်။ လူတစ်ဦးကို ပို့ဆောင်ခ ဘတ် ၆,၀၀၀ ရရှိမယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံသား ၄ ဦးကတော့ ရဲစစ်ဆေးမှုအတွင်း သိမ်းဆည်းရမိတဲ့ Laptop၊ ဖုန်းနဲ့ အင်တာနက်ပစ္စည်းတွေ ဘယ်သူပိုင်တာလဲဆိုတာ မသိဘူးလို့ ငြင်းဆိုထားပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ကနဦးထောက်လှမ်းရေးအချက်အလက်အရ အဲဒီတရုတ်နိုင်ငံသားတွေဟာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ရာဇဝတ်ဂိုဏ်းတွေကို အာဏာပိုင်တွေ နှိမ်နင်းနေမှုကနေ ရှောင်ရှားပြီး အွန်လိုင်းလိမ်လည်ရေးနဲ့ Call Center လုပ်ငန်းအခြေစိုက်ရာကို မြန်မာနိုင်ငံဘက် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ ကားပေါ်က အင်တာနက်အချက်ပြပစ္စည်းကိုလည်း ခရီးတလျှောက် ဖွင့်ထားတယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံသား ၄ ဦးဟာ အွန်လိုင်းလိမ်လည်ရေးဂိုဏ်းနဲ့ တကယ်ဆက်စပ်မှုရှိ၊ မရှိနဲ့ မြန်မာနိုင်ငံဘက်က ဘယ်နေရာကို သွားဖို့ စီစဉ်ထားသလဲဆိုတာကိုတော့ အာဏာပိုင်တွေက အတည်မပြုသေးပါဘူး။ လက်ရှိမှာ ဖမ်းဆီးထားသူတွေကို နောင်ခိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲထံ လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက်စစ်ဆေးနေပါတယ်။

