Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန်တောင်းဆိုချက်ကို စစ်အုပ်စု ပယ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန်တောင်းဆိုချက်ကို စစ်အုပ်စု ပယ်ချ

ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခွင့်ရခဲ့တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ကြိုဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုတာကို လက်မခံနိုင်ဘူးလို့ ဝါရှင်တန်ရှိ စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးက ဒီနေ့ ဩဂုတ် ၁၄ ရက်မှာ တုံ့ပြန်ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဩဂုတ် ၃ ရက်မှာ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာနိုး ဒီ ဘက်ခ် နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ICRC ကလည်း အကျဉ်းချခံထားရသူတွေကို တွေ့ဆုံရာမှာ ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ကိုယ်စားလှယ်တစ်ဦးနဲ့ လူသိရှင်ကြား တွေ့ဆုံခွင့်ရတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုကို ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌဘက်ကလည်း အလားတူ တောင်းဆိုထားပါတယ်။

ဝါရှင်တန်ရှိ မြန်မာသံရုံးကတော့ အမေရိကန်ဘက်ရဲ့ အပြုသဘောဆောင်တဲ့ ဖော်ပြချက်တွေကို အသိအမှတ်ပြုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုတာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်နဲ့ ဥပဒေစိုးမိုးရေးအပေါ် သက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။

မြန်မာသံရုံးထုတ်ပြန်ချက်မှာ စစ်အုပ်စုဘက်က လူသားချင်းစာနာထောက်ထားမှုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တချို့ကို လျှော့ပေါ့ထားပြီး ခြွင်းချက်မရှိ လွှတ်ပေးမယ့်ကိစ္စကတော့ ဥပဒေအတိုင်းသာ ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

Related News

Most Read