ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အကြမ်းဖက်တိုက်ခိုက်တာနဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ဟန့်တားတဲ့ ဖြစ်စဉ် ၂၅၉ ကြိမ် မှတ်တမ်းတင်ထားပြီး ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်နဲ့ ကျေးလက်ကျန်းမာရေးဌာနတွေ အပါအဝင် ကျန်းမာရေးအဆောက်အအုံတွေ အနည်းဆုံး ၁၁၀ ကြိမ် ပျက်စီး ဒါမှမဟုတ် ဖျက်ဆီးခံခဲ့ရတယ်လို့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Insecurity Insight က ဇူလိုင် ၂၂ ရက်က ဩဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေကို စုစည်းထားတဲ့ နောက်ဆုံးအစီရင်ခံစာကို ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးအဆောက်အအုံတွေ ပျက်စီး၊ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အများစုမှာ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေက ဒုံးကျည်နဲ့ လေယာဉ်အမြောက်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ ပါဝင်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ ဖွင့်လှစ်ထားတဲ့ ယာယီဆေးခန်းတွေအပါအဝင် ကျန်းမာရေးဌာနတွေကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီး၊ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်တစ်နှစ်တည်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှုနဲ့ ဟန့်တားမှု ၂၅၉ ကြိမ် ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၃၄ ဦး သေဆုံးကာ ၃၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Insecurity Insight ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အဲဒီနှစ်အတွင်း မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တွေရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို စစ်တပ်နဲ့ ဆက်စပ်တယ်လို့ သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်က ၆၄ ရာခိုင်နှုန်းခန့်ထက် မြင့်တက်လာပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်စေတဲ့ ဖြစ်စဉ်တွေမှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်အသုံးပြုမှုလည်း ပိုများလာပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဖြစ်စဉ်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းခန့်မှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ ပါဝင်ခဲ့ရာက ၂၀၂၅ ခုနှစ်မှာ ၄၅ ရာခိုင်နှုန်းကျော် အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကချင်၊ ကရင်နီ၊ မကွေး၊ မန္တလေးနဲ့ တအာင်းဒေသတွေမှာ ကျန်းမာရေးအဆောက်အအုံဟောင်း ၅ ခုကို စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ချိန် ခံတပ်အဖြစ် အသုံးပြုခဲ့တယ်လို့လည်း Insecurity Insight က မှတ်တမ်းတင်ထားပါတယ်။
အဲဒီအဆောက်အအုံတွေဟာ အဲဒီအချိန်မှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ နေရာတွေ မဟုတ်တော့တာကြောင့် စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနေချိန်မှာ စစ်ပွဲဆိုင်ရာ ဥပဒေအောက်က ကျန်းမာရေးအဆောက်အအုံအဖြစ် အထူးကာကွယ်မှု ဆုံးရှုံးသွားတယ်လို့ အစီရင်ခံစာက ရှင်းပြထားပါတယ်။ တစ်ချိန်တည်းမှာ ကျန်းမာရေးအဆောက်အအုံဟောင်းတွေကို စစ်ရေးအတွက် အသုံးပြုတာဟာ အရပ်သားတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်မှုကိုပါ လျော့နည်းစေတယ်လို့ ဆိုပါတယ်။
နောက်ဆုံး နှစ်ပတ်တာကာလအတွင်း မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တစ်ခုအရ ဇူလိုင် ၂၀ ရက်မှာ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာအုပ်စု၊ စင်ပုနှစ်ကျေးရွာက အမျိုးသားကျန်းမာရေးလက်ထောက်တစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၇ ရက်မှာလည်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အေးကနီကျေးရွာက ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုနဲ့ နေအိမ် ၂ လုံးကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။
Insecurity Insight က အစီရင်ခံစာထဲက ဖြစ်စဉ်တွေဟာ အွန်လိုင်းနဲ့ အများပြည်သူကြည့်ရှုနိုင်တဲ့ သတင်းရင်းမြစ်တွေကနေ စုဆောင်းထားတာဖြစ်ပြီး မြေပြင်မှာ သီးခြားစစ်ဆေးအတည်ပြုထားတာ မဟုတ်သလို ဒီကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အားလုံးကို ကိုယ်စားပြုတာလည်း မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ အချက်အလက်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကြောင့် ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့နဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြတဲ့ အချိန်ကြား နောက်ကျမှုရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

