၁ ဩဂုတ် ၂၀၂၆ | New Day Myanmar
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ့အရေးဖြေရှင်းဖို့ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ဝေဖန်လိုက်ပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ဆက်လက်အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
ဇူလိုင် ၃၁ ရက်က နေပြည်တော်မှာ ပြောကြားခဲ့တဲ့ စစ်အစိုးရရက် ၁၀၀ ပြည့် မိန့်ခွန်းအတွင်း အစိုးရသက်တမ်းအတွက် ငါးနှစ်တာလမ်းပြမြေပုံတခုကိုလည်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ပထမနှစ်နှစ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ် အခြေခံတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတည်ဆောက်ရေးကို အရှိန်မြှင့်ပြီး နောက်ထပ်သုံးနှစ်မှာ အပြည့်အဝအကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုကျင်းပခဲ့တဲ့ အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ တိုက်ပွဲတွေကြောင့် မဲပေးနိုင်ခြင်းမရှိခဲ့တဲ့ မြို့နယ် ၁၀၂ မြို့နယ်က မဲဆန္ဒနယ်တွေမှာ ၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
စစ်တပ်အတွက် လူငယ်တွေကို စုဆောင်းနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်ကျင့်သုံးပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အင်အားတိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်ခဲ့တာမဟုတ်ဘဲ အာဆီယံက မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံနေတယ်လို့လည်း မင်းအောင်လှိုင်က စွပ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဘုံသဘောတူညီချက်ကို မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးတို့ ပါဝင်ပေမယ့် စစ်အုပ်စုက အကောင်အထည်ဖော်ခဲ့ခြင်းမရှိပါဘူး။
စွမ်းအင်ကဏ္ဍမှာ လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ၁၀ ခု ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တခုကျော် ရပ်ဆိုင်းထားတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလည်း ပါဝင်ပါတယ်။
ဒါ့အပြင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ဆိုတဲ့ နိုင်ငံခြားသား ၇၂,၀၀၀ ကျော်ကို နိုင်ငံ ၅၈ နိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့ပြီး ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နေတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာလူငယ်အများအပြား နိုင်ငံခြားထွက်ခွာနေတာကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှု ထိခိုက်နေတယ်လို့ ဝန်ခံခဲ့ပေမယ့် လူငယ်တွေ နိုင်ငံခြားထွက်ခွာရတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်တဲ့ အဓမ္မစစ်သားစုဆောင်းမှုနဲ့ စစ်မှုထမ်းဥပဒေရဲ့ သက်ရောက်မှုကို မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။


