Homeအထူးသတင်းအီရန်စစ်ဘက်ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်

အီရန်စစ်ဘက်ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်

၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ စစ်ဘက်ပစ်မှတ်တွေကို နှစ်နာရီကြာ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောဆိုချက်အရ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ စစ်ဘက်ကွပ်ကဲရေးဌာနတွေ၊ ဒုံးကျည်နဲ့ ဒရုန်းစခန်းတွေအပြင် ကမ်းရိုးတန်းစောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးစခန်းတွေအပါအဝင် ပစ်မှတ်ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်အပေါ် “ပြင်းထန်တဲ့ တိုက်ခိုက်မှုလှိုင်း” ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့တယ်လို့ CENTCOM က ဇူလိုင် ၃၀ ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

အီရန်နိုင်ငံပိုင်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ကက်ရှ်မ်ကျွန်း တိုက်ခိုက်ခံရမှုမှာ လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံအနောက်မြောက်ပိုင်း ခူဇက်စတန်ပြည်နယ်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျော်ဒန်ရှိ အမေရိကန်တပ်ဖွဲ့တွေကို အီရန်က တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ ပြောပြီး နာရီပိုင်းအကြာမှာ အခုလို တိုက်ခိုက်ခဲ့တာပါ။

အီရန်တော်လှန်ရေးအစောင့်တပ်က ဂျော်ဒန်ရှိ အမေရိကန်တပ်ဖွဲ့တွေအတွက် အရေးပါတဲ့ Muwaffaq Salti လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အတည်ပြုထားပါတယ်။ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ငါးစင်းစလုံးကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဂျော်ဒန်စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ ဆော်ဒီအာရေဗျ တိုက်လေယာဉ်တွေက အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေရဲ့ အီရတ်နိုင်ငံအရှေ့ပိုင်းရှိ လက်နက်နဲ့ ထောက်ပံ့ရေးစခန်းတွေကို ပူးတွဲတိုက်ခိုက်ခဲ့ပါတယ်။

အီရတ်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေ စုစည်းထားတဲ့ Popular Mobilization Forces ရဲ့ ပြောဆိုချက်အရ တိုက်ခိုက်မှုတွေကြောင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အီရန်စစ်ဘက်အကြံပေး ခြောက်ဦးလည်း သေဆုံးခဲ့တယ်လို့ အီရတ်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူနှစ်ဦးက ပြောပေမယ့် အီရန်နိုင်ငံပိုင်သတင်းတွေမှာတော့ အကြံပေးလေးဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အီရတ်အစိုးရက အမေရိကန်နဲ့ ဆော်ဒီအာရေဗျရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး အပြစ်မဲ့ပြည်သူတချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဆော်ဒီအာရေဗျကို သွားရောက်မယ့် အီရတ်ဝန်ကြီးချုပ် အလီအယ်လ်ဇိုင်ဒီရဲ့ ခရီးစဉ်ကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံ ဒမ်မီယက်တာဆိပ်ကမ်းမှာလည်း အမေရိကန်ပိုင် သဘာဝဓာတ်ငွေ့သိုလှောင်သင်္ဘောတစင်းနဲ့ ဂရိပိုင် ဓာတ်ငွေ့တင်သင်္ဘောတစင်း ဒရုန်းတိုက်ခိုက်ခံရပြီး မီးလောင်ခဲ့ပါတယ်။ လူထိခိုက်မှုမရှိပေမယ့် ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့သလဲဆိုတာကို မသိရသေးပါဘူး။

တချိန်တည်းမှာ အီရန်ကျောထောက်နောက်ခံပြု ယီမင်ဟူသီအဖွဲ့က ဆော်ဒီရေနံတင်ပို့မှုအတွက် အရေးပါတဲ့ စွမ်းအင်စက်ရုံတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေအရ တရက်ကို ရေနံစိမ်းစည် ခုနစ်သန်းခန့် သန့်စင်နိုင်တဲ့ ဆော်ဒီ Aramco ရဲ့ Abqaiq ရေနံသန့်စင်စက်ရုံမှာ ထိခိုက်ပျက်စီးမှုတွေ တွေ့ရှိခဲ့ပါတယ်။

ဟူသီအဖွဲ့က ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ထားတဲ့ ဘတ်အယ်လ်မန်ဒပ် ရေလက်ကြားမှာ ဆော်ဒီသင်္ဘောတွေကို ပိတ်ဆို့မယ်လို့လည်း ကြေညာထားပါတယ်။ ဟော်မုဇ်ရေလက်ကြားနဲ့ ဘတ်အယ်လ်မန်ဒပ်ရေလက်ကြား နှစ်ခုစလုံးမှာ သင်္ဘောသွားလာမှု ထိခိုက်လာပါက ကမ္ဘာ့စွမ်းအင်တင်ပို့မှု ပိုမိုဆိုးရွားစွာ ပြတ်တောက်နိုင်ပါတယ်။

အီရန်က ဟော်မုဇ်ရေလက်ကြား သင်္ဘောသွားလာမှုကို အိုမန်နိုင်ငံနဲ့ ပူးတွဲစီမံခန့်ခွဲဖို့ အိုမန်ဘက်က အဆိုပြုထားတဲ့ အစီအစဉ်ကို ပယ်ချထားပါတယ်။ စစ်မဖြစ်မီကလို သင်္ဘောတွေ လွတ်လပ်စွာသွားလာတဲ့ အခြေအနေကို ပြန်ခွင့်ပြုမှာမဟုတ်ဘူးလို့ အီရန်က ပြောပါတယ်။

စစ်ပွဲရပ်တန့်ရေး ကြားဝင်ညှိနှိုင်းသူတွေက နှစ်ဖက်စလုံးကို စားပွဲဝိုင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ပြန်လည်ပြင်းထန်လာတာကြောင့် အမေရိကန်နဲ့ အီရန်ကြား ငါးလကြာစစ်ပွဲဟာ ဒေသတွင်းစစ်ပွဲကြီးအဖြစ် ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ် မြင့်တက်နေပါတယ်။

တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားပြီးနောက် နိုင်ငံတကာစံနှုန်း Brent ရေနံစိမ်းဈေးဟာ ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး တစည်ကို အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၀၉ အထိ ရောက်ရှိခဲ့ပါတယ်။

Related News

Most Read