၂၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုအခြေအနေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း အရှေ့အာရှထိပ်သီးအစည်းအဝေး (EAS) နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ဖော်ပြောဆိုပြီး အရပ်သားတွေနဲ့ အများပြည်သူသုံးအဆောက်အအုံတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် EAS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဥက္ကဋ္ဌထုတ်ပြန်ချက်မှာ အခုလို ထည့်သွင်းဖော်ပြခဲ့တာပါ။
အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက ဦးဆောင်ခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးရပ်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်းနဲ့ အကောင်အထည်ဖော်မှု တိုးတက်လာဖို့ လိုအပ်ကြောင်း EAS နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံအတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ ဘက်အားလုံးအနေနဲ့ ခွဲခြားမှုမရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊ အမြင့်ဆုံးထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ အရပ်သားတွေအပြင် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ကာကွယ်ပေးဖို့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ချမှတ်ရမယ်လို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အကူအညီလိုအပ်နေသူတွေဆီ ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်မယ့်အခြေအနေ ဖန်တီးပေးဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဘုံသဘောတူညီချက် ငါးရပ်ရဲ့ စတုတ္ထအချက်ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန AHA Centre ရဲ့ လုပ်ဆောင်မှုတွေကိုလည်း အစည်းအဝေးက ကြိုဆိုခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် လာဇာရိုဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလက တာဝန်ယူပြီးနောက် မြန်မာနိုင်ငံက သက်ဆိုင်သူအစုအဖွဲ့အမျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အာဆီယံနိုင်ငံတွေ၊ ဆွေးနွေးဖက်နိုင်ငံတွေ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ချိတ်ဆက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ သက်ဆိုင်သူအားလုံးကို အထူးကိုယ်စားလှယ်က တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။
ဒါပေမဲ့ ချမှတ်ခဲ့တာ ငါးနှစ်ကျော်လာတဲ့အထိ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုမှာလည်း ထင်ရှားတဲ့တိုးတက်မှု မရရှိသေးပါဘူး။


