၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာ့အရေးအတွက် နှစ်စဉ်အလှည့်ကျပြောင်းလဲနေတဲ့ အထူးကိုယ်စားလှယ်စနစ်အစား ရေရှည်တာဝန်ထမ်းဆောင်မယ့် အာဆီယံအထူးကိုယ်စားလှယ်တဦး ခန့်အပ်ဖို့နဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုကို တိုင်းတာစိစစ်နိုင်မယ့် စံနှုန်းတွေ ရေးဆွဲဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အဆိုပြုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ Pasay မြို့မှာ ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာ တိုးချဲ့အလွတ်သဘောဆွေးနွေးပွဲမှာ အဲဒီအဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက နှစ်စဉ်ပြောင်းလဲနေတဲ့ အထူးကိုယ်စားလှယ်စနစ်ဟာ မြန်မာ့အရေးကို အစအဆုံးနားလည်ပြီး ထိရောက်စွာဆောင်ရွက်နိုင်ဖို့ အားနည်းချက်ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်မလို နှစ်စဉ်အထူးကိုယ်စားလှယ်ထားတဲ့ စနစ်က သိပ်မထိရောက်ဘူးဆိုတာကို သဘောတူခဲ့ကြပါတယ်။ အခြေအနေတခုလုံးကို နားလည်ထားဖို့ လိုအပ်လို့ပါ” လို့ လာဇာရိုက ဆိုပါတယ်။
ဘရူနိုင်းနိုင်ငံကလည်း အထူးကိုယ်စားလှယ်ကို ကူညီပေးနိုင်မယ့် သီးခြားလုပ်ငန်းအဖွဲ့တခု အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ဖွဲ့စည်းထားဖို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ အထူးကိုယ်စားလှယ်ရဲ့ သက်တမ်း၊ လုပ်ပိုင်ခွင့်၊ ရန်ပုံငွေနဲ့ လုပ်ငန်းအဖွဲ့ဖွဲ့စည်းပုံတို့ကို အသေးစိတ်ဆွေးနွေးရဦးမှာဖြစ်ပြီး အခုအချိန်အထိ အတည်ပြုဆုံးဖြတ်ထားတာ မဟုတ်သေးပါဘူး။
နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်အပေါ် မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုနဲ့ တိုးတက်မှုတွေကို တိတိကျကျတိုင်းတာနိုင်မယ့် စံနှုန်းသစ် ဒါမှမဟုတ် စိစစ်ရေးယန္တရားတခု ရေးဆွဲဖို့လည်း အဆိုပြုခဲ့ကြပါတယ်။
အဆိုပြုချက်တွေကို အာဆီယံအဆင့်မြင့်အရာရှိတွေက ဆက်လက်အသေးစိတ်ဆွေးနွေးပြီး နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များအစည်းအဝေးဆီ တင်ပြဖို့ရှိပါတယ်။
အခုဆွေးနွေးပွဲဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်ဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ လူချင်းတွေ့ဆုံခဲ့ပြီးနောက် ဆက်လက်ကျင်းပတာပါ။ အဲဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာကိုယ်စားလှယ်တို့ရဲ့ ပထမဆုံး လူချင်းတွေ့ဆုံမှု ဖြစ်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ သက်ဆိုင်သူအားလုံးကို အထူးကိုယ်စားလှယ်က တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။ ချမှတ်ခဲ့တာ ငါးနှစ်ကျော်လာပြီဖြစ်ပေမဲ့ ထင်ရှားတဲ့တိုးတက်မှု မရရှိသေးပါဘူး။


