၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
ယီမင်နိုင်ငံက အီရန်ထောက်ခံတဲ့ ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံကို ပင်လယ်ရေကြောင်းပိတ်ဆို့မှု ချက်ချင်းစတင်မယ်လို့ ဇူလိုင် ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။
ယီမင်နိုင်ငံအပေါ် ဆော်ဒီအာရေဗျက ဆယ်နှစ်ကျော်ကြာ ပိတ်ဆို့ထားတာနဲ့ ဆာနာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မကြာသေးခင်က တိုက်ခိုက်ခဲ့တာတွေအတွက် လက်တုံ့ပြန်တာဖြစ်တယ်လို့ ဟူသီအဖွဲ့က ဆိုပါတယ်။
ဟူသီစစ်ဘက်ပြောခွင့်ရသူ ယာဟ်ယာ ဆာရီက ဆော်ဒီအာရေဗျအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုဟာ ကြေညာချိန်ကစပြီး အသက်ဝင်ပြီဖြစ်ကြောင်း ရုပ်သံကနေ ပြောပါတယ်။ ဒီလုပ်ဆောင်မှုကို “မျက်လုံးတလုံးအတွက် မျက်လုံးတလုံး” ဆိုတဲ့ တုံ့ပြန်မှုအဖြစ် သူက ဖော်ပြခဲ့ပါတယ်။
ပိတ်ဆို့မှုကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာ ဟူသီအဖွဲ့က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ယီမင်ပြည်သူတွေအပေါ် ဆော်ဒီအာရေဗျရဲ့ ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ဘာဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကို ပိတ်မယ်လို့ ဟူသီသတင်းဌာန ဒုတိယတာဝန်ခံ နာဆာရူဒင် အာမားက ပြောပါတယ်။
အာရေဗျကျွန်းဆွယ်တောင်ဘက်စွန်းက ဘာဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားဟာ ပင်လယ်နီကို ဝင်ရောက်နိုင်တဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်းခန့် ပုံမှန်ဖြတ်သန်းနေပါတယ်။ အကျယ် ၃၂ ကီလိုမီတာသာရှိတဲ့ ဒီရေလက်ကြားကနေ စူးအက်တူးမြောင်းကို အသွားအပြန်လုပ်တဲ့ ကမ္ဘာ့ကွန်တိန်နာကုန်သွယ်မှုရဲ့ လေးပုံတပုံခန့် ဖြတ်သန်းနေတာပါ။
ရေလက်ကြားမှာ သင်္ဘောသွားလာမှု ရပ်တန့်သွားမယ်ဆိုရင် သင်္ဘောကုမ္ပဏီတွေဟာ အာဖရိကတောင်ဘက် ကောင်းမွန်သောမျှော်လင့်ခြင်းအငူကို ပတ်သွားရမှာဖြစ်တာကြောင့် ခရီးအကွာအဝေးနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ သိသိသာသာ မြင့်တက်လာနိုင်ပါတယ်။
ဟူသီအဖွဲ့ဟာ ဂါဇာစစ်ပွဲအတွင်း ပင်လယ်နီသင်္ဘောလမ်းကြောင်းက သင်္ဘောအစင်း ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ဖူးပါတယ်။ အခုတကြိမ်မှာ ဆော်ဒီအာရေဗျနဲ့ ဆက်နွှယ်တဲ့ သင်္ဘောတွေကို အဲဒီအတိုင်း ပြန်လည်တိုက်ခိုက်မလားဆိုတာတော့ မသေချာသေးပါဘူး။
ဆော်ဒီအာရေဗျဟာ ဟော်မုဇ်ရေလက်ကြားဘက်က ပို့ဆောင်မှုအစား အရှေ့-အနောက်ရေနံပိုက်လိုင်းကို အသုံးပြုပြီး ပင်လယ်နီဘက်ကနေ တရက်ကို ရေနံစည်သန်းနဲ့ချီ တင်ပို့နေရပါတယ်။ ဒါကြောင့် ဘာဘ်အယ်လ်မန်ဒက်ဘ်ကို ပိတ်ဆို့မယ့်ခြိမ်းခြောက်မှုဟာ ဆော်ဒီရေနံတင်ပို့မှုနဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် ဖိအားထပ်တိုးလာနိုင်ပါတယ်။
မကြာသေးခင်က အီရန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ နာရေးကနေ ဟူသီခေါင်းဆောင်တွေကို ပြန်လည်ခေါ်ဆောင်လာတဲ့ လေယာဉ်ကို ထိခိုက်စေဖို့ ဆော်ဒီဘက်က ဆာနာလေဆိပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က စွပ်စွဲထားပါတယ်။ အဲဒီလေယာဉ်ဟာ တခြားလေဆိပ်တခုမှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျရဲ့ အက်ဘ်ဟာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နောက်ပိုင်း နှစ်ဖက်ကြား အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှုတခု ဖြစ်ပါတယ်။
ယီမင်ပြည်တွင်းစစ်ဟာ ၂၀၁၄ ခုနှစ်မှာ ဟူသီအဖွဲ့က မြို့တော်ဆာနာနဲ့ နိုင်ငံမြောက်ပိုင်းဒေသအများအပြားကို သိမ်းယူပြီး အစိုးရကို ပြည်ပထွက်ခွာစေခဲ့ရာက စတင်ခဲ့ပါတယ်။ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ၂၀၁၅ ခုနှစ်မှာ စစ်ပွဲအတွင်း ဝင်ရောက်လာပြီး ယီမင်နိုင်ငံအပေါ် လေကြောင်းနဲ့ ပင်လယ်ရေကြောင်းပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။
ဟူသီအဖွဲ့ရဲ့ ကြေညာချက်အပေါ် ဆော်ဒီအာရေဗျဘက်က သတင်းရေးသားချိန်အထိ တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။


