Homeပြည်တွင်းသတင်းအရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ မင်းအောင်လှိုင်ကိုယ်စား စစ်အုပ်စု လွှတ်တော်မှာ အဆိုတင်

အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ မင်းအောင်လှိုင်ကိုယ်စား စစ်အုပ်စု လွှတ်တော်မှာ အဆိုတင်

၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အမှတ် ၁/၂၀၂၆ နဲ့ ၂/၂၀၂၆ ကို ဆက်လက်အတည်ဖြစ်စေဖို့ စစ်အုပ်စုခေါင်းဆောင်နဲ့ ကိုယ်တိုင်ခန့်အပ်ထားတဲ့ သမ္မတ မင်းအောင်လှိုင်ကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီး၊ ဒုတိယရှေ့နေချုပ် ဒေါက်တာတင်လင်းဦးက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

အဆိုကို တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ မြို့နယ် ၆၀ အနက် ချင်းပြည်နယ်က တွန်းဇံနဲ့ ဖလမ်းမြို့နယ် နှစ်ခုကလွဲပြီး ကျန် ၅၈ မြို့နယ်မှာ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေတွေ ပုံမှန်မဖြစ်သေးတာကြောင့် အရေးပေါ်အခြေအနေကို ဆက်လက်ထားရှိဖို့ လိုအပ်တယ်လို့ အဆိုမှာ ဖော်ပြထားပါတယ်။

ဆက်လက်အတည်ပြုဖို့ တင်သွင်းထားတဲ့ အမိန့်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂(က) အရ ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အမိန့်အမှတ် ၁/၂၀၂၆ နဲ့ ပုဒ်မ ၄၁၃(က) အရ စစ်အုပ်ချုပ်ရေးအာဏာ အပ်နှင်းထားတဲ့ အမိန့်အမှတ် ၂/၂၀၂၆ တို့ ပါဝင်ပါတယ်။

ဒီအမိန့်နှစ်ရပ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၂၁ ရက်မှာ ရက်ပေါင်း ၉၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် သက်တမ်းဆက်တိုးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ကို ထပ်မံရယူတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပြီး အဲဒီအာဏာအောက်မှာပဲ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ဆက်လက်ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပေမယ့် အာဏာဆက်လက်ထိန်းသိမ်းနိုင်ဖို့ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကို ဆက်လက်အသုံးပြုနေတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

လက်ရှိ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး သက်တမ်း ထပ်တိုးလိုက်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်တွေမှာ စစ်တပ်ရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအာဏာ ဆက်လက်ကျယ်ပြန့်နေမှာဖြစ်သလို ဖမ်းဆီးစစ်ဆေးတာ၊ လူစုလူဝေးကန့်သတ်တာ၊ ညမထွက်ရအမိန့်လို လုံခြုံရေးအစီအမံတွေကို ဆက်လက်ကျင့်သုံးနိုင်မယ့် အခြေအနေရှိနေပါတယ်။

Related News

Most Read