၂၉ ဇွန် ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်တို့ဟာ အပြန်အလှန်စစ်ရေးတိုက်ခိုက်မှုတွေကို လောလောဆယ် ရပ်တန့်ထားဖို့ သဘောတူခဲ့ကြပြီး ဟော်မုဇ်ရေလက်ကြားအရေး ဖြေရှင်းဖို့ ဇွန်လ ၃၀ ရက်မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
“စစ်ရေးတိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက Axios သတင်းဌာနကို ပြောပါတယ်။
နောက်ထပ်အမေရိကန်အရာရှိတစ်ဦးကလည်း နှစ်ဖက်စလုံးဟာ လောလောဆယ် တိုက်ခိုက်မှုတွေကို ရပ်ထားမှာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်မယ်လို့ ဆိုပါတယ်။
ဇွန်လ ၃၀ ရက်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲအစီအစဉ်ကို အမေရိကန်အရာရှိနှစ်ဦးနဲ့ အခြေအနေကို သိရှိထားတဲ့ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုထားတယ်လို့ Axios က ဖော်ပြပါတယ်။
အမေရိကန်နဲ့ အီရန်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၁၁ ရက်သာရှိသေးပေမယ့် ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်တာတွေ ပြန်လည်ဖြစ်ပွားခဲ့လို့ ပျက်ပြယ်နိုင်တဲ့ အခြေအနေ ရောက်ရှိခဲ့ပါတယ်။
တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာထဲက ဟော်မုဇ်ရေလက်ကြားနဲ့ သက်ဆိုင်တဲ့ အချက်တွေကို နှစ်ဖက်အဓိပ္ပာယ်ဖွင့်ဆိုပုံ မတူတာကြောင့်လို့ သိရပါတယ်။
နားလည်မှုစာချွန်လွှာအရ အီရန်က ဟော်မုဇ်ရေလက်ကြားကနေ စီးပွားရေးသင်္ဘောတွေ အခကြေးငွေမပေးဘဲ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အကောင်းဆုံးကြိုးပမ်းပေးဖို့ ကတိပြုထားပါတယ်။ အပြန်အလှန်အနေနဲ့ အမေရိကန်က အီရန်ဆိပ်ကမ်းတွေအပေါ် ရေကြောင်းပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ သဘောတူထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း အမေရိကန်စစ်တပ်နဲ့ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) တို့ကြား ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှုတွေကို ညှိနှိုင်းနိုင်ဖို့ တိုက်ရိုက်အရေးပေါ်ဆက်သွယ်ရေးလိုင်းတစ်ခု တည်ထောင်ဖို့လည်း သဘောတူထားပါတယ်။
ဒါပေမဲ့ ဇွန်လ ၂၇ ရက်အထိ အဲဒီအရေးပေါ်ဆက်သွယ်ရေးလိုင်းကို စတင်အသုံးပြုနိုင်တာ မရှိသေးဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလိုတဲ့ သင်္ဘောတွေက အီရန်နဲ့ ကြိုတင်ညှိနှိုင်းရမယ်လို့ တီဟီရန်ဘက်က ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဇွန်လ ၃၀ ရက် ဆွေးနွေးပွဲကို အီရန်ရဲ့ နျူကလီးယားအစီအစဉ်အကြောင်း ဆွေးနွေးဖို့ ဆွစ်ဇာလန်နိုင်ငံမှာ မူလစီစဉ်ထားပေမယ့် နှစ်ဖက်တိုက်ခိုက်မှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် ကာတာနိုင်ငံကို ပြောင်းရွှေ့ပြီး ဟော်မုဇ်ရေလက်ကြားအရေးကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
အမေရိကန်နည်းပညာပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Nick Stewart လည်း ဆွေးနွေးပွဲမှာ ပါဝင်မယ်လို့ သိရပါတယ်။
အိမ်ဖြူတော်က ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာ မရှိသေးသလို အီရန်အစိုးရဘက်ကလည်း အပြန်အလှန်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ထပ်မံသဘောတူခဲ့ကြောင်း တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။


