Homeပြည်တွင်းသတင်းဇူလိုင် ၃ ရက်မှာ ပင်းတယ–ရွာငံဒေသ မိုးသည်းထန်နိုင်ပြီး ရေကြီး၊ မြေပြိုဘေး သတိပြုရန်လိုဟု မိုးလေဝသပညာရှင် သတိပေး

ဇူလိုင် ၃ ရက်မှာ ပင်းတယ–ရွာငံဒေသ မိုးသည်းထန်နိုင်ပြီး ရေကြီး၊ မြေပြိုဘေး သတိပြုရန်လိုဟု မိုးလေဝသပညာရှင် သတိပေး

၂၉ ဇွန် ၂၀၂၆ | New Day Myanmar

လာမယ့် ဇူလိုင်လ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးသဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်းတယနဲ့ ရွာငံဘက်မှာ နေရာကွက်ပြီး မိုးအလွန်သည်းထန်နိုင်တဲ့ အခြေအနေရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဦးဝင်းနိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပင်းတယနဲ့ ရွာငံဒေသတွေမှာ မိုးသည်းထန်ပြီး မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ ကြိုတင်သတိပေးခဲ့ပါတယ်။

လက်ရှိခန့်မှန်းချက်အရ တစ်ရက်တာ မိုးရေချိန်ဟာ ၉၀ မီလီမီတာကျော်အထိ ရွာနိုင်ပြီး၊ ၃ နာရီအတွင်းမှာတောင် ၆၀ မီလီမီတာကျော်ကနေ ၇၀ မီလီမီတာနီးပါးအထိ မိုးသည်းထန်နိုင်တယ်လို့ Ventusky ICON မော်ဒယ်ကို အခြေခံပြီး ရှင်းပြထားပါတယ်။

အချိန်တိုအတွင်း မိုးအများအပြားရွာသွန်းရင် မြေကြီးက ရေမစုပ်ယူနိုင်တော့ဘဲ မြေနိမ့်ပိုင်းတွေမှာ လျှပ်တစ်ပြက်ရေကြီးတာ၊ တောင်ကျချောင်းရေ ရုတ်တရက်မြင့်တက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပင်းတယနဲ့ ရွာငံဟာ တောင်တန်းဒေသတွေဖြစ်တဲ့အတွက် အထူးသဖြင့် ရွာငံ–ဟံမြင့်မိုရ်လမ်းပိုင်းနဲ့ တောင်ကြားလမ်းတွေမှာ မြေပြိုတာ၊ ရွှံ့စီးတာတွေ ဖြစ်နိုင်ခြေ မြင့်နေတယ်လို့လည်း သတိပေးထားပါတယ်။

“မိုးတိမ်တောင် အချက်အချာဇုန်က အဲဒီတောင်တန်းတွေပေါ် တိုက်ရိုက်ကျရောက်နေတဲ့အတွက် သတိထားဖို့ လိုပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

အလားတူ ကလောနဲ့ အောင်ပန်းဘက်မှာတော့ လက်ရှိခန့်မှန်းချက်အရ မိုးရေချိန် မများသေးပေမယ့် မိုးတိမ်တောင်နဲ့ ဆက်စပ်နေတဲ့အတွက် ရုတ်တရက် မိုးသက်လေပြင်းတိုက်တာ၊ မိုးပြင်းတာတွေ ဖြစ်နိုင်တာကြောင့် သတိထားသင့်တယ်လို့ ဆိုပါတယ်။

ဇော်ဂျီရေလှောင်တမံအနေနဲ့လည်း တမံပေါ် တိုက်ရိုက်မိုးရွာသွန်းမှု မများသေးပေမယ့် အထက်ရေဝေရေလဲဒေသဖြစ်တဲ့ ပင်းတယနဲ့ ရွာငံဘက်မှာ မိုးအလွန်များနိုင်တာကြောင့် တောင်ပေါ်က စီးဆင်းလာတဲ့ရေကြောင့် တမံအတွင်း ရေဝင်နှုန်း ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ဇူလိုင်လ ၃ ရက်မှာ ပင်းတယ–ရွာငံလမ်းပိုင်းကို ဖြတ်သန်းမယ့် ခရီးသွားတွေအနေနဲ့ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာတွေကို အထူးသတိထားဖို့ လိုအပ်သလို တောင်စောင်းအနီး နေထိုင်သူတွေအနေနဲ့လည်း မိုးအခြေအနေကို အနီးကပ်စောင့်ကြည့်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

Most Read