၂၆ ဇွန် ၂၀၂၆ | New Day Myanmar
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (MSME) အနေနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရာမှာ ပြည်ပက ကုန်ကြမ်းတွေ မှာယူအသုံးပြုမယ့်အစား ဒေသတွင်းနဲ့ ပြည်တွင်းမှာ ရရှိနိုင်တဲ့ ကုန်ကြမ်းတွေကို အဓိကအသုံးပြုကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဇွန်လ ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်းနဲ့ ပြည်တွင်းမှာရှိပြီးသား ကုန်ကြမ်းပစ္စည်းတွေကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်တာဟာ ပိုမိုသေချာတဲ့ ကုန်ထုတ်လုပ်ငန်းဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိတဲ့ ကုန်ကြမ်းတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရင် လုပ်ငန်းရှင်တွေအတွက် ဝင်ငွေပိုမိုရရှိလာနိုင်ပြီး ဒီလုပ်ငန်းတွေကို MSME ကဏ္ဍကတစ်ဆင့် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေးက ရရှိတဲ့ ကုန်ကြမ်းတွေကို ကုန်ချောပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ဖို့ MSME လုပ်ငန်းတွေကို အားပေးရမှာဖြစ်ပြီး အဲဒီလုပ်ငန်းတွေအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနဲ့ ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်တွေ လိုအပ်တယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံက MSME လုပ်ငန်းတွေဟာ လျှပ်စစ်မီးမလုံလောက်မှု၊ ကုန်ကြမ်းနဲ့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးအရင်းအနှီးရရှိဖို့ ခက်ခဲမှုနဲ့ ပြည်တွင်းဝယ်လိုအားကျဆင်းမှုတွေကြောင့် လုပ်ငန်းလည်ပတ်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။


