Homeအထူးသတင်းဓာတ်ပုံအတူရိုက်ဖို့ အီတလီဝန်ကြီးချုပ် မယ်လိုနီက တောင်းပန်ခဲ့တယ်ဆိုတဲ့ ထရမ့်ရဲ့ လှောင်ပြောင်ပြောဆိုမှုကြောင့် အီတလီဝန်ကြီးချုပ် ဒေါသထွက်

ဓာတ်ပုံအတူရိုက်ဖို့ အီတလီဝန်ကြီးချုပ် မယ်လိုနီက တောင်းပန်ခဲ့တယ်ဆိုတဲ့ ထရမ့်ရဲ့ လှောင်ပြောင်ပြောဆိုမှုကြောင့် အီတလီဝန်ကြီးချုပ် ဒေါသထွက်

၂၀ ဇွန် ၂၀၂၆ | New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က G7 ထိပ်သီးအစည်းအဝေးမှာ ဓာတ်ပုံအတူရိုက်ပေးဖို့ အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီက သူ့ကို တောင်းပန်ခဲ့တယ် လို့ လှောင်ပြောင်ပြောဆိုခဲ့တာကြောင့် အီတလီဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ လုံးဝလုပ်ကြံဖန်တီးထားတာဖြစ်ပြီး “တကယ်ကို အံ့အားသင့်မိတယ်” လို့ မယ်လိုနီက ဇွန်လ ၁၉ ရက်မှာ လူမှုကွန်ရက်ကတစ်ဆင့် တုံ့ပြန်ခဲ့ပါတယ်။

အီတလီရုပ်သံလိုင်း La7 နဲ့ ပြုလုပ်ခဲ့တဲ့ ဖုန်းအင်တာဗျူးမှာ ထရမ့်က ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း မယ်လိုနီဟာ သူနဲ့ ဓာတ်ပုံအတူရိုက်ချင်လွန်းလို့ “တောင်းပန်ခဲ့တယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မယ်လိုနီကို သနားမိတာကြောင့်သာ ဓာတ်ပုံအတူရိုက်ဖို့ သဘောတူခဲ့တာဖြစ်ပြီး သူမနဲ့ စကားပြောဖို့လည်း မလိုအပ်ဘူးလို့ ထရမ့်က လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။

“ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ လုံးဝလုပ်ကြံဖန်တီးထားတာပါ။ ကျွန်မရော၊ အီတလီနိုင်ငံရော ဘယ်သူ့ကိုမှ တောင်းပန်မနေပါဘူး” လို့ မယ်လိုနီက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတက သူ့ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ဘာကြောင့် ဒီလိုပြုမူနေတာလဲဆိုတာ နားမလည်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

အနောက်နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ရန်သူတွေအပေါ် ထရမ့်က အခုလို တင်းမာပြတ်သားမှုမျိုး မပြသဘဲ မဟာမိတ်တွေအပေါ်သာ ထိခိုက်စေမယ့် စကားတွေ ပြောဆိုနေတာ ဝမ်းနည်းစရာဖြစ်တယ်လို့ မယ်လိုနီက ဆိုပါတယ်။

ထရမ့်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ထရမ့်ရဲ့ စကားတွေဟာ မယ်လိုနီတစ်ဦးတည်းကိုသာ မဟုတ်ဘဲ အီတလီနိုင်ငံတစ်နိုင်ငံလုံးကို စော်ကားရာရောက်တယ်လို့ တာဂျာနီက ပြောပါတယ်။

အီတလီအစိုးရအဖွဲ့ဝင် တခြားဝန်ကြီးတွေကလည်း ထရမ့်ရဲ့ ပြောဆိုမှုဟာ အီတလီနဲ့ အမေရိကန်ကြား ဆက်ဆံရေးကို ထိခိုက်စေပြီး မဟာမိတ်နိုင်ငံခေါင်းဆောင်တစ်ဦးအပေါ် မလေးမစားပြုမူတာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မယ်လိုနီဟာ အစောပိုင်းက ဥရောပနဲ့ ထရမ့်အစိုးရကြား ပေါင်းကူးပေးနိုင်မယ့် ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေအပေါ် ဆက်ဆံပုံတွေကြောင့် နှစ်ဦးကြား သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးမားလာခဲ့ပါတယ်။

G7 အစည်းအဝေးအပြီးမှာ မယ်လိုနီက ထရမ့်နဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ပြောထားခဲ့ပေမယ့် ထရမ့်ရဲ့ နောက်ဆုံးပြောဆိုချက်ကြောင့် အီတလီ–အမေရိကန် ဆက်ဆံရေး တင်းမာမှု ပိုမိုမြင့်တက်လာပါတယ်။

ပုံစာ – ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်က ပြင်သစ်နိုင်ငံ အီဗီယန်လက်စ်ဘိန်းမြို့မှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေး ပြင်ပမှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီနဲ့ သမ္မတ ဒေါ်နယ်ထရမ့် စကားပြောနေစဉ်

ဆက်စပ် သတင်းများ

Most Read