၂၅ မေ ၂၀၂၆ | New Day Myanmar
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ၂၀၂၆ ခုနှစ် မေ ၂၄ ရက်အထိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၆၈၅ ယောက်ကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
အဲဒီပြည်ပနိုင်ငံသားတွေကို စစ်ဆေးပြီးနောက် ၁၃,၅၂၁ ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသားတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေရာ မေ ၂၄ ရက်မှာ တရုတ်နိုင်ငံသား ၂၇ ယောက်ကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ကို ဖြတ်သန်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်တွေထဲကို တရားမဝင် လမ်းကြောင်းတွေကတစ်ဆင့် ဝင်ရောက်နေထိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြန်လည်လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ပြည်ပနိုင်ငံသား ၁,၁၆၄ ယောက်ထဲက ၆၆၂ ယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
ကျန်ရှိနေတဲ့ ပြည်ပနိုင်ငံသား ၅၀၂ ယောက်ကိုတော့ သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ရေးအတွက် အသင့်ပြင်ဆင်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြဝတီဒေသဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်အခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားလုပ်ငန်းတွေနဲ့ လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေကြောင့် နိုင်ငံတကာအာရုံစိုက်မှု မြင့်တက်လာတဲ့ ဒေသတစ်ခု ဖြစ်နေပါတယ်။


