Homeပြည်တွင်းသတင်းဘာသာရေးအဆောက်အအုံများအပေါ် မြန်မာစစ်အုပ်စု၏ တိုက်ခိုက်မှုကို အမေရိကန် ပြင်းထန်စွာရှုတ်ချ

ဘာသာရေးအဆောက်အအုံများအပေါ် မြန်မာစစ်အုပ်စု၏ တိုက်ခိုက်မှုကို အမေရိကန် ပြင်းထန်စွာရှုတ်ချ

၁၂ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးနေတာအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင် ဆက်လက်အရေးယူသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဂျော့ချ် ဒီဆွန်ဘရေးက Burma Research Institute ထံ မေလ ၆ ရက်နေ့စွဲနဲ့ ပေးပို့တဲ့ တုံ့ပြန်စာထဲမှာ အဲဒီလို ထည့်သွင်းပြောကြားထားတာ ဖြစ်ပါတယ်။

အမေရိကန်ဘက်က ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို အဓိကထောက်ပြခဲ့ပါတယ်။ အဲဒါတွေကတော့ ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့ရှိ Christ the King ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးခံရမှုနဲ့ ဧပြီ ၁၃ ရက်နေ့က မင်းတပ်မြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတို့ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် ဘာသာရေးနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဖိနှိပ်မှုတွေ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

မိုက်ကယ် ဒီဆွန်ဘရေးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကိုယ်စား အကြောင်းပြန်ရာမှာ “ကျွန်ုပ်တို့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဗီဇာကန့်သတ်မှုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့် တာဝန်ခံမှုရှိလာအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ဒါ့အပြင် Burma Research Institute က တင်ပြထားတဲ့ စစ်အုပ်စုအပေါ် ဖိအားတိုးမြှင့်ဖို့ အကြံပြုချက် ၁၀ ချက်ကိုလည်း အမေရိကန်အစိုးရက သုံးသပ်နေပြီး မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဖိအားပေးမှုတွေ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ တိုက်ခိုက်ခံရမှု များပြားလာတာနဲ့ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စိုးရိမ်မှုတွေ ထုတ်ဖော်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး