Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ ဖိလစ်ပိုင် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ ဖိလစ်ပိုင် တိုက်တွန်း

၆ မေ ၂၀၂၆ | New Day Myanmar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုပေးဖို့ အာဏာသိမ်းစစ်ကော်မရှင်ကို ဖိလစ်ပိုင်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သတ်မှတ်ထားတဲ့ နေအိမ်” တစ်ခုသို့ ပြောင်းရွှေ့ပေးထားတယ်လို့ စစ်ကော်မရှင်က ကြေညာခဲ့ပြီးနောက် အခုလို တောင်းဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက မေလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ရမယ်ဆိုရင် အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှုတွေအတွက် အထောက်အကူဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီလို တွေ့ဆုံဆွေးနွေးနိုင်ရေး လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေး အဆင့်တွေထဲက အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းလည်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပြုပေးဖို့ စစ်ကော်မရှင်ကို တိုက်တွန်းခဲ့ပြီး အဲဒီလို လုပ်ဆောင်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်မှန်တဲ့ စိတ်ရင်းစေတနာကို ပြသရာရောက်မယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ဘက်ကတော့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ခြင်းဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေအတွက် အရေးကြီးတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

စစ်ကော်မရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို “သတ်မှတ်ထားတဲ့ နေအိမ်” သို့ ပြောင်းရွှေ့ထားတယ်လို့ ကြေညာခဲ့ပေမယ့် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

MRTV က ထုတ်ပြန်ခဲ့တဲ့ ခပ်ဝါးဝါးဓာတ်ပုံတစ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူနီဖောင်းဝတ် အရာရှိနှစ်ဦး စကားပြောနေဟန်ကိုသာ ဖော်ပြထားပြီး အဲဒီဓာတ်ပုံဟာ လက်ရှိအချိန်မှာ ရိုက်ကူးထားတာ ဟုတ်မဟုတ်ဆိုတာအပေါ်လည်း သံသယတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး