Homeပြည်တွင်းသတင်းရန်ကုန်လေဆိပ်တွင် မလေးရှားသို့ပို့မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၉၃ ကီလိုကျော် ဖမ်းဆီးရမိ

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ပို့မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၉၃ ကီလိုကျော် ဖမ်းဆီးရမိ

၅ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ မလေးရှား နိုင်ငံကို လေကြောင်းခရီးနဲ့ သယ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (Methamphetamine) မူးယစ်ဆေးဝါးအများအပြားကို တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က မေလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဧပြီ ၂၆ ရက်နေ့က စတင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရန်ကုန်ကနေ ကွာလာလမ်ပူ ကို သွားမယ့် ခရီးသည်တွေထံမှ ကွင်းဆက်ဖော်ထုတ်ရင်း လားရှိုး မြို့အထိ ဆက်လက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

စုံစမ်းဖော်ထုတ်ချက်အရ ကွာလာလမ်ပူသို့ သွားမယ့် ခရီးသည် ၆ ဦးထံကနေ အိုက်စ် ၈၂ ကီလိုကျော်ကို စတင်သိမ်းဆည်းရမိခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ ကုန်စည်ပို့ဆောင်ရေးရုံးတစ်ခုမှာ နောက်ထပ် ၉ ဒသမ ၅ ကီလို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် မူးယစ်ဆေးဝါးပို့ဆောင်ခိုင်းသူ အောင်ကျော်ဝင်း (ခ) အောင်အောင် နဲ့ ဇနီးဖြစ်သူကို လားရှိုးမြို့ရှိ ဟိုတယ်တစ်ခုမှာ အိုက်စ် ၁ ကီလိုနဲ့အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စုစုပေါင်း ဖမ်းဆီးရမိမှုမှာ အိုက်စ် ၉၃ ဒသမ ၁၅ ကီလိုရှိပြီး ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်ရှိတယ်လို့ CCDAC Myanmar က ဖော်ပြထားပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်ပါဝင်ပတ်သက်သူတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး