၃ ဧပြီ ၂၀၂၆ | New Day Myanmar
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်တွင်း၊ ပြည်ပထွက်ခွာ ခရီးသည်တွေ အတွက် စိစစ်တဲ့ လက်မှတ်စစ်ကောင်တာနေရာတွေမှာ လေကြောင်းရဲတပ်ဖွဲ့က ဝင်ရောက်စိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီကနေ လေကြောင်းလိုင်းအားလုံးကို ဧပြီ ၂ ရက် ရက်စွဲနဲ့ ညွှန့်ကြားချက်တစောင် ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ ညွှန့်ကြားချက်မှာ လေကြောင်းရဲတပ်ဖွဲ့က ခရီးသည်တွေရဲ့ မှတ်ပုံတင်အချက်အလက်တွေကို လက်မှတ်စစ်ကောင်တာတွေနဲ့ ပြည်ပဆိုက်ရောက်ကောင်တာတွေမှာ တိုက်ရိုက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းလိုင်းတွေကိုလည်း ခရီးသည်စာရင်းတွေမှာ မှတ်ပုံတင်အမှတ်တွေ ပြည့်စုံစွာ ထည့်သွင်းပေးဖို့၊ လက်မှတ်ရောင်းချစဉ်မှာ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ထည့်သွင်းဖို့နဲ့ Check-in ဝင်ချိန်မှာ မှတ်ပုံတင်ကတ်ပါရှိမရှိ စိစစ်ပေးဖို့ ညွှန်ကြားထားပါတယ်။
ဒီလို စိစစ်မှုတွေ ပြုလုပ်ခြင်းဟာ “ပြေး ၄ ပြေး” လို့ခေါ်တဲ့ နိုင်ငံရေးမှု၊ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေးနဲ့ တရားခံပြေးစာရင်းဝင်သူတွေကို ဖမ်းဆီးနိုင်ရေးကို ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ညွှန့်ကြားချက်မှာ ပါရှိပါတယ်။
လက်ရှိအခြေအနေမှာ လေဆိပ်ကတဆင့် ထွက်ခွာမယ့် ခရီးသည်တွေ အထူးသဖြင့် နိုင်ငံရေးအမှုတွေနဲ့ ဆက်နွယ်သူတွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်သွားအခြေအနေဖြစ်တယ်လို့ လေကြောင်းရဲနဲ့ နီးစပ်သူတွေကပြောပါတယ်။
“အဓိကကတော့ သူတို့ ဖမ်းဖို့ လုပ်နေတဲ့သူတွေကို ဖမ်းဖို့ပေါ့။ နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ထားသူတွေကို ဖမ်းဖို့ လုပ်ဆောင်တယ်လို့ပဲ နားလည်ရပါတယ်” လို့ လေကြောင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။


