Homeပြည်တွင်းသတင်းအတုအယောင်ရွေးကောက်ပွဲနောက် မြန်မာ့အကျပ်အတည်း ပိုမိုနက်ရှိုင်းလာဟု အာဆီယံလွှတ်တော်ကိုယ်စားလှယ်တွေ သတိပေး

အတုအယောင်ရွေးကောက်ပွဲနောက် မြန်မာ့အကျပ်အတည်း ပိုမိုနက်ရှိုင်းလာဟု အာဆီယံလွှတ်တော်ကိုယ်စားလှယ်တွေ သတိပေး

၂၆ မတ်လ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲနောက် နိုင်ငံရေးအကျပ်အတည်းဟာ ပိုမိုနက်ရှိုင်းလာနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီး တုံ့ပြန်မှုတွေ လိုအပ်နေတယ်လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က သတိပေးထားပါတယ်။

APHR ရဲ့ ရှင်းလင်းတင်ပြချက်အရ စစ်ကော်မရှင်ဟာ အဆိုပါရွေးကောက်ပွဲကို အသုံးပြုပြီး နိုင်ငံမှာ ပုံမှန်အခြေအနေ ပြန်ရောက်လာသလို ပုံဖော်ဖို့ ကြိုးပမ်းနေပြီး အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်ဖြစ်စေဖို့ လှည့်စားနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရေးတိုက်ခိုက်မှုတွေ နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

APHR ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya က အာဆီယံအနေနဲ့ အခန်းကဏ္ဍအရေးကြီးပေမယ့် အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှုအခြေခံစနစ်ကြောင့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ အကန့်အသတ်ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူမယ့်ကာလဟာ မြန်မာ့အရေးအတွက် အရေးပါတဲ့ အချိန်ကာလတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

APHR ဥက္ကဋ္ဌ Mercy Chriesty Barends ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိတို့အစိုးရတွေကို ကြီးကြပ်ပြီး မြန်မာ့အရေးအပေါ် မူဝါဒဆိုင်ရာ တုံ့ပြန်မှုတွေကို တွန်းအားပေးနိုင်တဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေဟာ မြန်မာ့အခြေအနေကို ဆက်လက် စောင့်ကြည့်ပြီး တာဝန်ရှိတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာအောင် လုပ်ဆောင်ရမယ်” လို့ သူက ပြောပါတယ်။

အခြားဘက်မှာတော့ ဥရောပလွှတ်တော်ကိုယ်စားလှယ် Federica Onori က စစ်ကော်မရှင်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထိရောက်စေဖို့ တသမတ်တည်းနဲ့ တိကျစွာ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ပိတ်ဆို့မှုတွေကို ရှောင်တိမ်းနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ပင်နိုင်မှသာ အကျိုးသက်ရောက်မှုရှိမယ်” လို့ သူက ပြောပါတယ်။

APHR ကတော့ အတုအယောင်ရွေးကောက်ပွဲတွေဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ သတိပေးထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက် အာရုံစိုက်ပြီး ဖိအားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ပုံစာ – ၂၀၂၆ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ တာဝန်ရှိသူများက မဲများကို ရေတွက်ကြစဉ်။

ဓါတ်ပုံ – EPA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး