၂၃ မတ်လ ၂၀၂၆ | New Day Myanmar
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ LaGuardia လေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် မြေပြင်ဝန်ထမ်းများ၏ ယာဉ်တစ်စီး တိုက်မိသည့် ဖြစ်စဉ် မတ်လ ၂၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်ကြောင့် လေဆိပ်ကို ယာယီပိတ်ထားခဲ့ရပြီး လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အတွင်း လုပ်ငန်းများ တချို့ နာရီပိုင်းကြာ ရပ်နားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောပါတယ်။
တိုက်မိခဲ့သည့် လေယာဉ်မှာ Air Canada လေကြောင်းလိုင်း၏ မိတ်ဖက် Jazz Aviation က ပိုင်ဆိုင်သည့် CRJ-900 အမျိုးအစားဖြစ်ပြီး ကနေဒါနိုင်ငံ မွန်ထရယ်မြို့မှ ပျံသန်းလာကာ လေဆိပ်တွင် ဆင်းသက်ပြီးနောက် ပြေးလမ်းပေါ် ဆက်လက် မောင်းနှင်နေစဉ် လေဆိပ် စီမံခန့်ခွဲရေးအဖွဲ့၏ ယာဉ်တစ်စီးနှင့် တိုက်မိခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံမှတ်တမ်းများအရ လေယာဉ်နှင့် ယာဉ်နှစ်ခုလုံး ပျက်စီးမှု ရှိခဲ့ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၇၀ ကျော်နှင့် အမှုထမ်းများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဒေသခံမီဒီယာများအရ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သော်လည်း အာဏာပိုင်များဘက်မှ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လေယာဉ်ပြေးလမ်းပေါ်တွင် မြေပြင်ယာဉ် ရောက်ရှိနေပြီး တိုက်မိမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုတော့ အတည်ပြုနိုင်သေးခြင်း မရှိသေးဘဲ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေကြောင်း သိရပါတယ်။


