၁၄ မတ်လ ၂၀၂၆ | New Day Myanmar
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အရှေ့အလယ်ပိုင်းဒေသကို အင်အား ၂,၅၀၀ ဝန်းကျင်ပါဝင်တဲ့ အထူးရေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (31st Marine Expeditionary Unit – MEU) နဲ့ ရေတိုက်ခိုက်ရေးသင်္ဘောအုပ်စုတွေ စေလွှတ်ဖို့ အတည်ပြုလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီတပ်ဖြန့်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ တောင်းဆိုချက်အရ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်တွေအရ အဲဒီတပ်ဖွဲ့ဟာ ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ USS Tripoli (LHA-7) ရေတိုက်ခိုက်ရေးသင်္ဘောနဲ့အတူ ခရီးစဉ်စတင်မှာဖြစ်ပြီး USS New Orleans နဲ့ USS San Diego တို့လို ရေတပ်ဆင်းသင်္ဘောတွေပါဝင်နိုင်တယ်လို့ သိရပါတယ်။
31st MEU ဟာ လျင်မြန်စွာ လှုပ်ရှားနိုင်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိတဲ့ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။
အမေရိကန်ဘက်က အခုလို စစ်အင်အားတိုးမြှင့် စေလွှတ်တာဟာ ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေး ရေလမ်းကြောင်းတွေကို ကာကွယ်ဖို့နဲ့ ဒေသတွင်း လုံခြုံရေးကို တိုးမြှင့်ဖို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အထူးသဖြင့် ကုန်တင်သင်္ဘောတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် အခုလို တပ်ဖြန့်လိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။
အဆိုပါ MEU တပ်ဖွဲ့ဟာ ရေကြောင်းတိုက်ခိုက်ရေးအပြင် အရေးပေါ် အရပ်သားကယ်ဆယ်ရေးလုပ်ငန်းတွေ၊ သံရုံးလုံခြုံရေးကာကွယ်မှုတွေ စတဲ့ ကဏ္ဍတွေမှာပါ တာဝန်ထမ်းဆောင်နိုင်တဲ့ အထူးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ USS Tripoli သင်္ဘောဟာ ထိုင်ဝမ်ရေလက်ကြားအနီးကနေ ဖြတ်သန်းမောင်းနှင်နေပြီး အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိဖို့ ၁ ပတ်ကနေ ၂ ပတ်ခန့် ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတွေကတော့ အခုလို စစ်အင်အားစေလွှတ်တာဟာ မဟာဗျူဟာရွေးချယ်စရာတွေ ပိုများလာစေရန် ရည်ရွယ်တာဖြစ်ပြီး မြေပြင်စစ်ဆင်ရေးတွေ ချက်ချင်းစတင်တော့မယ်ဆိုတဲ့ သဘောမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


