စစ်တပ် နိုင်ငံရေးကမထွက်ရင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၇ က စစ်ကောင်စီပြုလုပ်တဲ့ NCA ၁၀နှစ်ပြည့်ပွဲပြုလုပ်တဲ့အပေါ် တုန့်ပြန်ပြောဆိုလိုက်တာဖြစ်သ လို NCAစာချုပ်ဟာ တရားဝင်နေသေးတယ်လို့ ပြောဆိုနေတဲ့အပေါ်မှာ ချေပလိုက်တာဘဲဖြစ်ပါတယ်။
ဒါအပြင် စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အားပေးသူတွေရဲ့ လုပ်ရပ်အပေါ် ဘာမှ ပြောလိုခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးမရနိုင်တာဟာ ဘာကြောင့်ဆိုပြီး ထောက်ပြထားပါတယ်။
“စစ်တပ် နိုင်ငံရေးက မထွက်ဘဲ ငြိမ်း ချမ်းရေးမရဘူး။ စစ်တပ်ဟာ အရပ်သား အစိုးရ လက်အောက်မှာ မရှိသရွေ့ငြိမ်း ချမ်းရေး မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ငြိမ်းချမ်းရေး မရဘူး။ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (Transitional Justice) မရှိဘဲ ငြိမ်း ချမ်းရေးမရဘူး”လို့ ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။
စစ်ကော်မရှင်လုပ်တဲ့ NCA ပွဲအပေါ်လည်း အာဏာသိမ်းဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်ခဲ့တာလို့ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းလင်နက်ကိုင်အဖွဲ့ဖြစ်တဲ့ RCSS က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် RCSSဟာ လက်ကှိအချိန် စစ်ကော်မရှင်နဲ့ ထိတွေ့ဆက်ဆံနေဆဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ချင်းအမျိုးသားတပ်ဦး(CNF)၊ ကျောင်း သားတပ်မတော် (ABSDF)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)စတဲ့ တိုင်းရင်းသား ၆ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာလည်း ၂၀၂၁ စစ်တပ် အာဏာသိမ်းလိုက်တာဟာ NCA စာချုပ် အနှစ်သာရ၊ အခြေခံမူတွေ၊ ရည်မှန်းချက်တွေကို ဖျက်ဆီးလိုက်တာဖြစ်လို့ NCA အကောင် အထည်ဖော်မှု ရပ်ဆိုင်းကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေခဲ့ကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့လိုအပ်ကြောင်း အသိပေးထားပြီး စစ်အာဏာ ရှင် ချုပ်ငြိမ်းကာ ဖက်ဒရယ်ပြည်ထောင် စုသစ် ထူထောင်နိုင်တဲ့အထိ တစိုက်မတ် မတ် တိုက်ပွဲဝင်နေမယ်လို့ ကြေညာခဲ့ပါတယ်။
ဓာတ်ပုံ-NUG (Screen Grab)


