Homeပြည်တွင်းသတင်းအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မယ့်စာရင်းကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖယ်ရှားခံရ

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မယ့်စာရင်းကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖယ်ရှားခံရ

၂၁ အောက်တိုဘာ ၂၀၂၅

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တော်ရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာမှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ကျင်းပပြုလုပ်သွားမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ့် စာရင်းကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖယ်ရှားခံရပါတယ်။

ကွာလာလမ်ပူ အခြေစိုက် New Straits Times သတင်းစာကနေ အောက်တိုဘာ ၂၀ ရက်သတင်းဖော်ပြတဲ့ အထဲမှာ အာဆီယံံထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် သူစာရင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖော်ပြခဲ့ပေမယ့် အောက်တိုဘာ ၂၁ ရက်မှာတော့ ပြန်လည်ဖယ်ရှားခဲ့တာပဲဖြစ်ပါတယ်။

New Straits Times သတင်းစာရဲ့ မှားယွင်းဖော်ပြမှုကို စစ်ကော်မရှင် ဝါဒဖြန့် သတင်းတွေကို ရေးသားနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်တဲ့အပြင် အမေရိကန်သမ္မတထရမ့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ တရုတ်သမ္မတရှီကျင့်ဖျင်၊အီတလီဝန်ကြီးချုပ် မယ်လိုနီ၊ ကနေဒါဝန်ကြီးချုပ် ကာနေးအစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်းလာ ရောက်ကြဖို့ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ – စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်မပေးတာကြောင့် မြန်မာနိုင်ငံနေရာခုံအလွတ်ကိုတွေ့ရစဉ်

ဓါတ်ပုံ – Aditya Pradana Putra

ဆက်စပ် သတင်းများ

Most Read