ယခု သီတင်းပတ် ဇူလိုင်လ ၂၈ ရက်ကနေ ဩဂုတ် ၃ ရက်အထိ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၁ မြို့နယ်တို့မှ လူ ၄၉ ဦးရဲ့ ဖြစ်စဉ်ကို သိရှိလိုက်ရတယ်လို့ Rangoon Scout Network ကနေ သိရပါတယ်။
ရွှေပြည်သာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊၊ မင်္ဂလာတောင်ညွန့်နဲ့ မြောက်ဥက္ကလာမြို့နယ်တို့မှာ ဖမ်းဆီးခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
အလုပ်သမားအရေး လှုပ်ရှားတဲ့ STUM အဖွဲ့ဝင် ၈ ဦး၊ ရထားစောင့်နေစဉ် ဖမ်းဆီးခံရသူ ၁၀ ဦး၊ လမ်းမပေါ် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၁၉ ဦး၊ ဧည့်စာရင်းစစ်ပြီး ဖမ်းခံရသူ ၁၁ ဦးနဲ့အွန်လိုင်းပေါ် စစ်တပ်ကို ဝေဖန်ရေးသားတယ်ဆိုပြီး ထုတ်ပြန်ကြေညာဖမ်းဆီးခံရသူ ၁ ဦး ရှိခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လ ၂ ရက်နဲ့ ၃ ရက်မှာလည်း ရန်ကုန်တိုင်းအထွက် စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေး ကြမ်းတမ်းခဲ့ပြီး ဧရာဝတီတိုင်းအစပ် ပန်တိုင်ဂိတ်မှာ ဖုန်းများပါ စစ်ဆေးခဲ့ပြီး VPN App သွင်းထားသူ ခရီးသွား ၄ ဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်း Zero Mile စစ်ဆေးရေးဂိတ်မှာလည်း လူငယ် လူရွယ် တွေကို အဓိက ပစ်မှတ်ထားဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။


