နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာတွေအကုန်ပြိုကျပျက်စီးသွားခဲ့တဲ့အတွက် ဝန်ထမ်းတွေဟာ လက်ရှိအချိန်ထိ လမ်းဘေးမှာအိပ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ ယာယီတဲတွေလည်း မရတာကြောင့် ဖြစ်သလိုပဲ ယာယီအကာအရံတွေနဲ့ နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက် ဝန်ကြီးဌာနတွေကလည်း ဝန်ထမ်းတွေကို တစ်စုံတစ်ရာ ထောက်ပံ့ကြေးမပေးတဲ့အပြင် ရုံးလုပ်ငန်းတွေကိုသာ ဆက်တိုက်လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။
“ပြောရရင်နေရတာကလည်း ခုချိန်ထိလမ်းဘေးမှာ။ လမ်းဘေးကနေပဲအလုပ်ကို လုပ်ပေးရတယ်။ ယာယီတဲအိမ်တောင်သူတို့မထိုးပေးနိုင်ဘူး။ ဒါကအဆင်မပြေဘူးလေ။ သူတို့တွေက ကိုယ်တွေကိုဖြစ်သလိုလမ်းဘေးမှာထားတာ” လို့ Non CDM မီးရထားဝန်ထမ်းတဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက နေပြည်တော်ကို ပြန်တည်ဆောက်ဖို့အတွက် အရင်တည်ဆောက်ရေးလုပ်ငန်းမှာပါဝင်တဲ့ လုပ်ငန်းရှင်တွေကို ပြန်ခေါ်ထားပါတယ်။
တည်ဆောက်ရေးလုပ်ငန်းမှာ မပါဝင်လိုတဲ့လုပ်ငန်းရှင်တွေက စစ်ကောင်စီကို တန်ဖိုးအတိုင်း ငွေပြန်လျော်ရမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ့ထံက သိရပါတယ်။
မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က ၇၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ အများဆုံးပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။