ငလျင်ဘေးအတွက် အာမခံအမြောက်အမြားလျော်လိုက်ရတဲ့အတွက် ရန်ကုန်ကလွဲရင် သဘာဝဘေးအတွက် အာမခံမရောင်းတော့ဘူးလို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ငလျင်ဘေးအတွက် အာမခံအနေနဲ့ မြန်မာငွေကျပ် ဘီလီယံ ၈၀ လျော်လိုက်ရပြီးနောက်ပိုင်း ပုဂ္ဂလိကအာမခံတွေအပါအဝင် မြန်မာ့အာမခံကလည်း မရောင်းတော့တာဖြစ်ပါတယ်။
“ရန်ကုန်ကလွဲရင် မရောင်းပေးတော့ဘူး။ ပုဂ္ဂလိကအေဂျင်စီတွေလည်းမရောင်းပေးတော့ဘူး” လို့ မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတဦးက New Day Myanmar ကိုပြောပါတယ်။
သဘာဝဘေးအာမခံတွေကို နေအိမ်၊ မော်တော်ယာဉ်အစရှိတာတွေကို အာမခံကုမ္ပဏီတွေက ရောင်းချတာဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေအပေါ် မြန်မာ့အာမခံလုပ်ငန်းမှာ လျော်ကြေးတောင်းခံစာ လက်ရှိအချိန်ထိ အစောင်ရေ(၁၅၈)စောင်ရှိပါတယ်။ ငလျင်အတွက် အာမခံလျော်ကြေးတွေကိုလည်း အပြည့်အဝမရရှိသေးတဲ့သူတွေလည်းရှိပါတယ်။