Homeပြည်တွင်းသတင်းငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီပညာ ရေးဝန်ကြီးဌာန ထုတ်ပြန်

ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီပညာ ရေးဝန်ကြီးဌာန ထုတ်ပြန်

၂၂ ဧပြီ၊၂၀၂၅

စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ငလျင်ကြောင့်မီးလောင်ပျက်စီးသွားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ တွေအတွက် ပြန်လည်ဖြေဆိုရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်က ကျောက်ဆည်ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်မီး လောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော် ကောင်စီနယ်မြေ တို့ကဖြေဆိုထားတဲ့တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ပါသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဒေသတွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန်လ ၁၆ နေ့ကနေ၂၁ ရက်နေ့အထိ ပြန်လည် ကျင်းပ စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ယခင် ၂၀၂၅ ခုနှစ်မတ်လအတွင်း စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကို သာ ပြန်လည်ဖြေဆိုခွင့်ပြုသွားမှာဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူတွေရဲ့စာရင်းကို သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးနဲ့ စာစစ်ဌာနတွေမှာ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနတွေမှာ ဖြေဆိုခဲ့သူတွေကတော့ ပြန်လည် ဖြေဆိုဖို့ မလိုဘူးလို့ သိရပါတယ်။

ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားတွေကို မိမိတို့ဖြေဆိုရမယ့် စာစစ်ဌာနတွေမှာ သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမယ်လို့ အသိပေးထားပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read