Homeပြည်တွင်းသတင်းရန်ကုန်က နာမည်ကြီးဘားတွေမှာ သင်္ကြန်ကာလ EDM ပွဲတွေ လုပ်ဖို့ စစ်ကောင်စီခွင့်ပြုထား

ရန်ကုန်က နာမည်ကြီးဘားတွေမှာ သင်္ကြန်ကာလ EDM ပွဲတွေ လုပ်ဖို့ စစ်ကောင်စီခွင့်ပြုထား

ဧပြီ ၊၂၀၂၅

ငလျင်ကြောင့် သင်္ကြန်ကို တိတ်တဆိတ်ကျင်းပဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပေမယ့် ရန်ကုန်မြို့က နာမည်ကြီးဘားတွေမှာ ပြုလုပ်မယ့် Private သင်္ကြန်ကိုတော့ ခွင့်ပြုထားတယ်လို့ New Day Myanmar က စုံစမ်းသိရပါတယ်။

The Lord၊ ပါကြီး၊ လျှံဖြိုး အစရှိတဲ့ နာမည်ကြီးဘားတွေမှာ Private သင်္ကြန်ပြုလုပ်ဖို့စီစဉ်နေသလို EDM သင်္ကြန်ပွဲတော်ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

“လက်မှတ်တွေလည်း ခုထိရောင်းနေတုန်းပါပဲ။ EDM ပွဲလုပ်မယ့် ဘားတွေလည်း အများကြီးစီစဉ်ထားတာတွေ့ရတယ်။”လို့ ရန်ကုန်မြို့က လူငယ်တဦးက New Day Myanmar ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ နီးစပ်သူ တဦးကတော့ EDM ပွဲတွေကို လက်ရှိအချိန်ထိ ခွင့်ပြုထားဆဲဖြစ်ပြီး မပြုလုပ်ဖို့ ညွန့်ကြားတာမျိုးမရှိဘူးလို့ ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေကလွဲရင် နိုင်ငံအဝန်းသင်္ကြန်ပွဲတော်ကို တိတ်တဆိတ်ကျင်းပသွားမှာဖြစ်ပြီး ဆောက်ထားပြီးသားမဏ္ဍပ်တွေကိုလည်း ပြန်လည်ဖျက်သိမ်းနေပေမယ့် EDM ပွဲတွေကို ခွင့်ပြုနေဆဲဖြစ်ပါတယ်။

မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၆၀၀ ကျော်လာပြီး ဖြစ်သလို အများအပြားလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ပုံစာ – ၂၀၂၅ ခုနှစ် သင်္ကြန်ကာလ EDM ပွဲ လက်မှတ်များ

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး