၂ ဖေဖော်ဝါရီ၊ ၂၀၂၅
ထိုင်းပြည်ထဲရေးဝန်ကြီး အနုတင်ချာဗီရာခူးလ်က ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကို ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေ ရှိတဲ့နေရာ ၅ ခုကို လျှပ်စစ်မီးပေးနေကြောင်းနဲ့ တရားဝင်လုပ်ငန်းစဉ်တွေ ဘယ်လို လုပ်ဆောင်နေလဲဆိုတာကို မေးမြန်းစာပို့ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်(PEA)က မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်က ဘုရားသုံးဆူမြို့၊ မြဝတီမြို့နယ်က နေရာ ၂ခု နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့က နေရာ ၂ ခုကို လျှပ်စစ်မီးပေးနေတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောဆိုသွားပြီး လျှပ်စစ်မီး ဖြတ်တောက်ရေးလုပ်ငန်းစဉ်တွေအပေါ် မေးမြန်းသွားပါတယ်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ(NSC)က အိမ်နီးချင်းနိုင်ငံရဲ့ ဘယ်နယ်မြေအပိုင်းအခြားဟာ ထိုင်းနိုင်ငံအတွက် အန္တရာယ်ရှိနေတယ်လို့ ပြောဆိုခွင့်မရှိကြောင်း တုံ့ပြန်ဖြေဆိုသွားတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအပေါ် လုံခြုံရေးခြိမ်းခြောက်မှုတွေရှိလာရင် PEA ကောင်စီအနေနဲ့ လျှပ်စစ်ဖြတ်တောက်ဖို့အမိန့်ပေးခွင့်ရှိတယ်လို့ ပြောဆိုပြီး PEA ကနေ စာချုပ်ချုပ်ဆိုင်ထားသူတွေနဲ့ ဆွေးနွေးတာတွေလုပ်ပြီး ဥပဒေနဲ့အညီဆုံးဖြတ်ဖို့လိုတယ်လို့လည်း လုံခြုံရေးကောင်စီအတွင်းရေးမှူးက ဆိုပါတယ်။
မြန်မာကို လျှပ်စစ်ပေးနေတဲ့ PEA ကတော့ သက်ဆိုင်ရာနယ်မြေတွေကို လျှပ်စစ်မီးမဖြတ်တောက်ခင်မှာ ထိုင်း-မြန်မာနှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ အတည်ပြုချက်တွေ လိုအပ်တယ်လို့ ပြောထားတာပါ။ မြန်မာနိုင်ငံဘက်ကို ပေးနေတဲ့ လျှပ်စစ်မီးဖြတ်တောက်ရေးလုပ်ငန်းစဉ်ဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား အငြင်းပွားမှုဖြစ်ပေါ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပြောဆိုပါတယ်။
ပုံစာ – ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အားပေးဝေနေတဲ့မီးတိုင်များ
ဓာတ်ပုံ – PEA Thailand