၂၃ ဇန်နဝါရီ၊ ၂၀၂၅
ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုလိုက်တဲ့ ဇန်နဝါရီ ၂၃ မနက်ခင်းမှာပဲ ဘန်ကောက်မြို့မှာ လိင်တူချစ်သူစုံတွဲပေါင်း ၂၀၀ ကျော်လက်မှတ်ရေးထိုးခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
LGBTQ+ အသိုင်းအဝိုင်းမှာနှစ်ပေါင်းများစွာ မျှော်လင့်နေတဲ့ လိင်တူလက်ထပ်ခွင့် ၊ တန်းတူညီမျှအခွင့်အရေးတွေအတွက် အောင်မြင်မှုမှတ်တိုင်လို့လည်း ထိုင်းလူ့အခွင့်အရေးတောင်းဆိုသူတွေက ဆိုပါတယ်။
” ဒါဟာ တကမ္ဘာလုံးအတွက် စံပြပါ၊ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံကို စံနမူနာဖြစ်ရရှိထားပါတယ်၊ ထိုင်းမှာ တန်းတူလက်ထပ်ခွင့်ရရှိပါပြီ”လို့ Rainbow Sky Association of Thailand ရဲ့ ဥက္ကဌ Kittinun Daramadhaj က ပြောဆိုပါတယ်။
တရားဝင်ခွင့်ပြုချက်ကို ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုပြီး ဘုရင်က မနှစ်က တော်ဝင်ပြန်တမ်းနဲ့ ခွင့်ပြုချက်ပေးပြီးတဲ့နောက်မှာ လိင်တူစုံတွဲတွေဟာ တရားဝင် လက်ထပ်မှတ်ပုံတင်ခွင့်ရရှိပြီး သူတို့ရဲ့ လက်ထပ်မှုကတဆင့် တရားဝင်မှု၊ ငွေကြေးဆိုင်ရာနဲ့ ဆေးကုသခွင့်တွေအပြင် သားသမီးမွေးစားခွင့်နဲ့ အမွေခံခွင့်တွေကိုပါ ရရှိတော့မှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ပေတောင်တန်ရှင်နာဝပ်ထရာကိုယ်တိုင် ဇန်နဝါရီ ၁၅ ရက်က တက်ကြွလှုပ်ရှားသူတွေနဲ့ လိင်တူချစ်သူစုံတွဲရာချီပြီး ဖိတ်ကြားကာ ပွဲတစ်ခုကျင်းပပြီး ဂုဏ်ပြုခဲ့ပါတယ်။
“ဒါဟာ ဘာကိုပြလဲဆိုရင် ထိုင်းနိုင်ငံဟာ မတူကွဲပြားမှုတွေကို လေ့လာပြီး ချစ်ခြင်းတရားပုံစံမျိုးစုံကို လက်ခံတယ်ဆိုတာ ဖော်ပြတာပါ။ ဒီနေ့ ကျွန်မတို့နိုင်ငံရဲ့ ပွင့်လင်းမှုနဲ့ လက်ခံမှုကို ပြသတာဖြစ်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။
ထိုင်းနိင်ငံ၊ ဘန်ကောက်မြို့တော်မြို့လယ်ခေါင်က Shopping Mall တွေမှာ ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး စုံတွဲ ၂၀၀ ထက်မနည်း လက်ထပ်ပွဲကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့လယ်ခေါင်မှာလည်း သက်တံ့ရောင်အလံတွေ လွှင့်ထူထားပြီး လူသိများတဲ့ ဆယ်လီတွေ၊ Drag Queen တွေ နဲ့ လက်ထပ်ပြီးကာစစုံတွဲတွေအတွက် ဂုဏ်ပြုကောဇောခင်းပြီး ဂုဏ်ပြုထားတယ်လို့ ဆိုပါတယ်။
(Ref: CNN)
ဓာတ်ပုံ – CNN