၂၀ ဇန်နဝါရီ ၊ ၂၀၂၅
ရန်ကုန်မြို့ မှာ အခုရက်ပိုင်းအတွင်း မူးယစ်စေတဲ့ ဓာတုဆေးသုံးပြီး အိပ်မွေ့ချပြန်ပေးဆွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာကြောင်းနဲ့ ပျောက်ဆုံးသူအများစုမှာ လူငယ်များဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။
အဆိုပါ ဆေးကိုရှူရှိုက်မိသူမှာ မူးမေ့လဲသွားတတ်ပြီး ယင်းအချိန်မှာ ပြန်ပေးဆွဲခံရတာဖြစ်ကြောင်းနဲ့ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေကို ပစ်မှတ်ထားနေပြီး မကြာခဏ လူမှုကွန်ရက်မှာ လူပျောက် ကြော်ငြာတွေတင်ထားတာတွေ့နေရတယ်လို့လည်း သိရပါတယ်။
“တို့ဆေးမိလို့ ပိုက်ဆံတွေပါသွားဘူးတယ်။ ပစ္စည်းဝယ်စရာရှိလို့ ရုံးကနေ လမ်းထိပါထွက်တာပေါ့။ လမ်းထိပ် ဆိုတာက ဦးရေခဲလမ်းထိပ်။ အဲဒီမှာ လူတစ်ယောက်က ပုခုံးကိုလာဖက်လိုက်တာ။ လူကဘာမှမသိတော့ဘူး။ ပိုက်ဆံကလည်း ရုံးပစ္စည်းဝယ်ဖို့ဆိုတော့ ၇ သိန်းလောက်ပါတယ်။ ဘာမှမမှတ်မိတော့ဘူး။ သတိပြန်ရတဲ့အချိန် ညဘက်ကြီးရောက်နေပြီ။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့လည်း ကိုယ်မသိတဲ့နေရာဖြစ်နေတယ်။ လုံးလုံးကြီးသတိပြန်ရတော့မှ အိမ်ကိုပြန်ရတယ်။ သုံးရက်လောက်ထိက မူးဝေနေတုန်း” လို့ တို့ဆေးဖြင့် ကိုယ် တိုင်ကြုံခဲ့ရတဲ့ တောင်ဥက္ကမြို့နယ်နေ သတင်းအရင်းအမြစ်တစ်ဦးက New Day Myanmar ကိုပြော ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆယ်ကျော်သက်အရွယ် ကလေးမလေး (၅) ဦးကို အထုတ်ကောက်ခိုင်းကာ ကားပေါ်ခေါ်တင်သွားတဲ့ ဖြစ်ရပ်တွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့သလို ဆော့ကစားနေစဉ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဖြစ်စဉ်လည်း ယခုရက်ပိုင်းအတွင်းမှာဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
“တို့ဆေးလို့တော့ ပြောကြတယ်။ တကယ်တော့ တို့ဆေးဆိုတာမရှိဘူး။ လူကိုမူးယစ်စေတတ်တဲ့ ဓာတုဆေးဝါး တမျိုးမျိုးကို သုံးတာဖြစ်နိုင်တယ်။ အဲဒါကြောင့် မူးဝေတာတွေဖြစ်တာ၊ ဘာမှမသိတော့တာတွေဖြစ်တာပေါ့။ ဒီအချိန်မှာ သွားတာလာတာ သတိထားရင်တော့မမှားဘူး”လို့ ဆေးပညာကျွမ်းကျင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်း တချို့မှာ လူငယ်တွေ ပျောက်ဆုံးနေတဲ့ သတင်းတွေ လူမှုကွန်ရက်တွေကတဆင့် ဆက်တိုက်ဆိုသလို တွေ့မြင်နေရပြီး တချို့မှာဖမ်းဆီးခံရပြီး စစ်သင်တန်းတွေကို ရောက်ရှိသွားတယ် ဆိုတဲ့သတင်းတွေ ပြန်ရပေမယ့် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေလည်း အများအပြားရှိနေတာကို မိသားစုတွေ ထံကတဆင့် သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ဆယ်ကျော်သက်လူငယ်တွေ ခပ်စိပ်စိပ်ပျောက်ဆုံးနေမှုမှာလည်း နိုင်ငံရေးအခြေအနေအရ လူကုန်ကူးခံရ တာဖြစ်နိုင်သလို စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရတာဖြစ်နိုင်တယ်လို့ လေ့လာသူတစ်ချို့က သုံးသပ်ပြောဆိုထားပါတယ်။
Photo -iStock