၁၂ ဇန်နဝါရီ ၊ ၂၀၂၅
ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာသူတွေကို ရန်ကုန်က အိမ်ပိုင်ရှင်တချို့က အခန်းငှားမပေးဘူးလို့ ရခိုင်က စစ်ဘေးရှောင်လာသူတစ်ချို့က ပြောဆိုပါတယ်။
ရခိုင်စစ်ဘေးရှောင်အများစုဟာ တာမွေမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နဲ့ စမ်းချောင်းမြို့နယ်တွေမှာအများဆုံးငှားရမ်းနေထိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်က အိမ်ရှင်အများစုဟာ ရခိုင်လူမျိုးတွေကို လူဦးရေအကန့်အသတ်နဲ့ပဲ ငှားပြီး ငှားရမ်းခဈေးကိုလည်း သုံးဆနီးပါး တိုးတောင်းတာမျိုးတွေ ရှိနေတယ်လို့ ရခိုင်စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။
အစောပိုင်းရောက်ရှိလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေက နေရေးထိုင်ရေးအဆင်ပြေနေပေမယ့် ထပ်ပြီး ရောက်ရှိလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေကတော့ အိမ်၊ အခန်းငှားရခက်ခဲတဲ့အတွက် နီးစပ်ရာ ဆွေမျိုးတွေဆီနဲ့ အသိဘုန်းကြီးကျောင်းတွေဆီမှာ ခဏတည်းခိုနေရတယ်လို့ ရသေ့တောင်မှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။
“အိမ်ခန်းကငှားမရဘူး။ အိမ်တွေ့ပြန်တော့လည်း မိသားစုအကုန်နေလို့ မရဘူး။ လူဦးရေကန့်သတ်ထားတယ်။ အသိဘုန်းကြီးကျောင်းတွေမှာနေရတယ်။ ဆွေမျိုးတွေအိမ်မှာနေရတယ်။ အဆင်မပြေဘူး။ ရန်ကုန်မှာ စားဖို့ထက် နေရေးကအတော်ခက်တယ်” လို့ ရခိုင်စစ်ဘေးရှောင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ကို သိမ်းယူထားပြီး တရုတ်စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရှိနေတဲ့ စစ်တွေ၊ ကျောက်ဖြူ ၊ မာန်အောင်မြို့နယ်တွေကိုပဲ သိမ်းယူဖို့ ကျန်နေတာဖြစ်ပါတယ်။