Homeပြည်တွင်းသတင်းအောက်တိုဘာလအတွင်း ၁၈ နှစ်မပြည့်သေးသူ ကလေး (၂၀) ဦးသေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

အောက်တိုဘာလအတွင်း ၁၈ နှစ်မပြည့်သေးသူ ကလေး (၂၀) ဦးသေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

၂၄ အောက်တိုဘာ ၊၂၀၂၄

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်မပြည့်သေးသူ ကလေး (၂၀) ဦးသေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန် ပါတယ်။

နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်တနှစ်ခွဲအရွယ် ယောကျ်ားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၀) ဦးနဲ့ ယောကျ်ားလေး (၁၀) ဦး စုစုပေါင်း (၂၀) ဦး သေဆုံးခဲ့တာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကဆိုပါတယ်။

အဆိုပါ (၂၀) ဦးအနက် (၁၃) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး (၄) ဦးမှာ စစ်အုပ်စု ရဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ကျန်(၃)ဦးမှာ စစ်အုပ်စုမှ ဦးခေါင်းကို သေနတ် နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရကာ စစ်ကိုင်းတိုင်းမှာ ကလေး (၆) ဦးဖြင့် သေဆုံးမှု အများ ဆုံးဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းအချိန်က အင်အား ၂၅ ဦးခန့် ပါဝင်တဲ့ အကြမ်းဖက်စစ် အုပ်စုရဲ့ တပ်သားတွေ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်ရှိ ကုန်စုံဆိုင်တဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးဖိုးကြားကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို ပစ်ခတ်၍ သော်လည်းကောင်း၊ ၎င်းရဲ့ ဇနီး ဒေါ်မာ သင်း ကိုလည်း ဦးခေါင်း ပစ်ခတ်၍လည်းကောင်း၊ ၎င်းတို့ရဲ့ သမီး မခင်မိုးသဲဦး၊ သား မောင်ရွှေဖြိုးအောင်နဲ့ ၎င်းတို့ရဲ့ တူမတွေဖြစ်တဲ့ မထက်ထက်အောင်နဲ့ မမေပျိုပျိုတို့ရဲ့ ဦးခေါင်းကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၅၈၇၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၆၉) ဦးရှိပြီး ထိုအထဲမှ (၂၁၀၂၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရတယ်လို့ သိရပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်ဟာ အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

Photo – AAPP

ဆက်စပ် သတင်းများ

Most read