Homeပြည်တွင်းသတင်းထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်မှာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်မှာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

၂၅ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ၊ အူထိုင်းနယ်မြေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းဒေသခံအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ရာမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၄ ရက်မနက် ၆ နာရီက မှာ အူထိုင်းဒေသက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုထဲကို ထိုင်းရဲတပ်ဖွဲ့နဲ့ အဖွဲ့စုံပေါင်းပြီး စီမံချက်အရ ကွင်းဆင်းဆောင်ရွက်မှုတွေ လုပ်ချိန်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇၂ ဦး ဖမ်းမိတာ ဖြစ်ပါတယ်။

ဖမ်းဆီးမိသူတွေထဲက တစ်ဦးရဲ့ ပြောဆိုမှုအရ သူတို့ဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို တရားမဝင် ဖြတ်ကျော်လာတာဖြစ်တယ်လို့သိရပါတယ်။ လမ်းစရိတ်နဲ့အလုပ်ရှာဖွေခအနေနဲ့ ပွဲစားကို တစ်ယောက် ဘတ် ၂၀၀၀၀ နှုန်းနဲ့ ပေးခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ဒီမှာ တရက်ကို ဘတ် ၅၀၀ ၆၀၀ အထိ ရရှိနိုင်တာကြောင့် ထိုင်းနိုင်ငံကို ကူးပြီး အလုပ်လုပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မြင့်မားနေပြီး စစ်မှုထမ်းဥပဒေအရ အတင်းအကြပ် ဖမ်းဆီးစစ်မှုထမ်းခိုင်းတာတွေ ရှိနေတာကြောင့် ထိုင်းဘက်ကို ရတဲ့နည်းနဲ့ အလုပ်လာလုပ်ကြတယ်လို့ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်ပြီး မြန်မာအလုပ်သမား ၁သိန်း ၆သောင်း ဝန်းကျင်ထိ ဖမ်းဆီးခံနေရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဖမ်းမိသူတွေကို ဥပဒေအတိုင်းအရေးယူပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒေသအာဏာပိုင်တစ်ဦးဖြစ်တဲ့ Supakorn Anantharak ဟာ ဒီုလုပ်ငန်းခွင်မှာ တရားမဝင်အလုပ်သမားတွေကို အဖွဲ့လိုက်စီးနင်းဖမ်းဆီးရရှိတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာ မြန်မာနိုင်ငံက MOU နဲ့ လာရောက်လုပ်ကိုင်သူတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၃.၄သန်းကျော် တရားဝင်မှတ်ပုံတင်ထားပြီး တရားမဝင်အလုပ်သမားတွေ ၅ သိန်းဝန်းကျင်ရှိမယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read