Homeပြည်တွင်းသတင်းမန္တလေးမြို့နဲ့မိုင်အနည်းငယ်အကွာရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်၊ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံး

မန္တလေးမြို့နဲ့မိုင်အနည်းငယ်အကွာရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်၊ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံး

၂၃ စက်တင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၂ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

မန္တလေးမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ သုံးဆယ်ပေးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သုံးဆယ်ပေးကျေးရွာဟာ မင်းကွန်းမြို့ တစ်ဖက်ကမ်းမှာ ရှိပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ဆံတွေဟာ သုံးဆယ်ပေးကျေးရွာရဲ့ အထက်အောက် ရွာတွေဖြစ်တဲ့ ဆူးလေကုန်းကျေးရွာနဲ့ ရွာသစ်ရွာတွေကို ကျရောက်ခဲ့တာပါ။ စက်တင်ဘာ ၂၁ က စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ဟာ ဆူးလေကုန်းရွာက လူနေအိမ်ထဲကို ကျပြီး မိသားစုဝင် ၄ ဦး နေရာမှာတင် သေဆုံးပါတယ်။ စက်တင်ဘာလ ၂၀ တုန်းကလည်းရွာသစ်ရွာက လူနေအိမ်တစ်လုံးကို ကျရောက်ပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

PDF တွေရှိနေတဲ့ သုံးဆယ်ပေးကျေးရွာကို စစ်ကောင်စီက အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးပြီး သိမ်းပိုက်နေတာ ဒီနေ့ စက်တင်ဘာ ၂၃ မနက်အထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မတ္တရာမြို့နယ် ဒေသခံတွေက ဆိုပါတယ်။

“သုံးဆယ်ပေးကို စစ်တပ်က မနေ့မနက်ကပဲ သိမ်းသွားပြီ။ လေကြောင်းကနေလဲ ပစ်တယ် လက်နက်ကြီးနဲ့လည်း ပစ်တယ်။ PDF တွေ ဝင်ထွက်တယ်ဆိုတဲ့အိမ်တွေကို မီးရှို့တယ်။ ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကတော့ပျက်စီးတယ်ပေါ့နော် ၊ လူတွေက အကုန်ထွက်ပြေးကြတယ်ဆိုတော့ ဘယ်နယောက်ကျန်ခဲ့ပြီး ဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိရသေးဘူး” လို့ သုံးဆယ်ပေးနဲ့အနီးဝန်းကျင်ရွာက စစ်ရှောင်ပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မတ္တရာမြို့နယ်ထဲက တိုက်ပွဲအခြေအနေတွေကို MDY PDF နဲ့ စစ်ကောင်စီ နှစ်ဘက်လုံးက တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Photo – CJ

ဆက်စပ် သတင်းများ

Most read