Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ ဆံသလုပ်ငန်းလုပ်ကိုင်သူ မြန်မာကို တိုင်ကြားချက်အရ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ဆံသလုပ်ငန်းလုပ်ကိုင်သူ မြန်မာကို တိုင်ကြားချက်အရ ဖမ်းဆီး

၁၆ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းမှာ ဆံပင်ညှပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရှိတယ်ဆိုတဲ့ တိုင်ကြားချက်အရ ထိုင်းနိုင်ငံတောင်ပိုင်း ကော့ဖငန်းကျွန်းက အိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးရာ အသက်၂၀ အရွယ်ရှိတဲ့ ကိုဝေယံကျော်ကို ဆံပင်ညှပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့အတူ တွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဆံသဆရာဝေယံကျော်ဟာ ပွဲစားကို ဘတ် ၂၀၀၀၀ ပေးပြီး ထိုင်း- မြန်မာနယ်စပ် ရနောင်းလမ်းကြောင်းက ဝင်ရောက်လာသူဖြစ်ပြီး လက်ရှိမှာ အလုပ်လုပ်ခွင့်လက်မှတ်လည်း မရှိသေးဘူးလို့ ထိုင်းရဲတပ်ဖွဲ့ကို ဝန်ခံထားပါတယ်။ ဆံပင်တစ်ခါညှပ် ၃၀၀ ရပြီး တနေ့ကို ဘတ် ၁၀၀၀ မှ ၂၀၀၀ ကြားအထိ ရရှိပြီး တစ်လကို ဘတ် ၃၀၀၀၀ က ၄၅၀၀၀ အထိ ရရှိတယ်လို့ သူက ထွက်ဆိုထားပါတယ်။

ကော့ဖငန်းကျွန်းပေါ် နေထိုင်၍ ဆံပင်ညှပ်အလုပ်ကို လုပ်ကိုင်နေသည်မှာ ၁ လကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို အိမ်တိုင်ယာရောက် လိုက်ညှပ်ပေးတာဖြစ်ပါတယ်။ ကော့ဖငန်းအလုပ်အကိုင် လူမှုကွန်ယက်တွေမှာ Hair Cut Wai Yan Kyaw နာမည်သုံးပြီး လုပ်ငန်းကို ကြော်ငြာလေ့ရှိပါတယ်။

ထိုင်းနိုင်ငံအစိုးရဥပဒေမှာ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကိုအောက်ခြေသိမ်းအလုပ်တွေ ဖြစ်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အိမ်အကူ၊ သန့်ရှင်းရေးတို့လို သတ်မှတ်အလုပ်တွေသာ လုပ်ခွင့်ရှိပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ ထိုင်းရိုးရာ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်လုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ ချည်ထိုးလုပ်ငန်း၊ ပွဲစားလုပ်ငန်း တွေအပါအဝင် လုပ်ငန်းပေါင်း ၂၇ ခုကို လုပ်ကိုင်ခွင့် မပေးထားပါဘူး။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ပြည်ပနိုင်ငံသားတွေကို မြေ၊ယာ၊ဆိုင်ခန်း ပိုင်ဆိုင်ခွင့်မပေးထားဘဲ ကွန်ဒိုတိုက်ခန်းတွေနဲ့ယာဉ်တွေကိုပဲ ရောင်းဝယ်ပိုင်ဆိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

Photo – Khodsod

ဆက်စပ် သတင်းများ

Most read