Homeပြည်တွင်းသတင်းတရုတ်နိုင်ငံကို အကြောင်းမဲ့ပြစ်တင်ပြောဆိုလုပ်ဆောင်မှုတွေကို ဆန့်ကျင်တယ်လို့ တရုတ်သံအမတ်ပြော

တရုတ်နိုင်ငံကို အကြောင်းမဲ့ပြစ်တင်ပြောဆိုလုပ်ဆောင်မှုတွေကို ဆန့်ကျင်တယ်လို့ တရုတ်သံအမတ်ပြော

၁၅ စက်တင်ဘာ၊ ၂၀၂၄

မြန်မာ့အရေးနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံကို အကြောင်းမဲ့ပြစ်တင်ပြောဆို လုပ်ဆောာင်မှုတွေကို ဆန့်ကျင်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ချစ်ကြည်ရေးဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း တရုတ်သံအမတ် Ms. Ma Jia က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက် ညပိုင်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ တချို့မီဒီယာတွေနဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံပေါ် လွှမ်းမိုးစွက်ဖက်နေတယ်လို့ အကြောင်းမဲ့ ပြစ်တင်နေတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံဟာ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေတည်တံ့မှုကို ထိန်းသိမ်းကာကွယ်တဲ့အပေါ် တရုတ်နိုင်ငံက ခိုင်မာစွာထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မလုပ်တဲ့ မူဝါဒကို ကိုင်စွဲထားပြီး မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်တာနဲ့ စစ်ပွဲဖြစ်နေတာကို ဆန့်ကျင်သလို ပြည်ပအင်အားစုတွေက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာတွေကို ဆန့်ကျင်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ သက်ဆိုင်ရာဘက် အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ်ရေး ဖော်ဆောင်သွားဖို့ကို မျှော်လင့်ကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းက တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့က စစ်ကောင်စီခေါင်းဆောင်တွေကို ဩဂုတ်လထဲမှာ သုံးကြိမ်တိုင်တွေ့ဆုံပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဦးသန်းရွှေ၊ ဦးသိန်းစိန်စတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၉ ရက်မှာ စစ်ကောာင်စီဘက်ကို ယွမ်ငါးသန်းဖိုး ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ကူညီပေးဖို့ တရုတ်အစိုးရက သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သတ်ပြီး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Photo – Chinese Embassy in Myanmar

ဆက်စပ် သတင်းများ

Most read