Homeပြည်တွင်းသတင်းမြန်မာရွှေ့ပြောင်းပညာရေးစင်တာ ၆ ခုကို ပိတ်သိမ်းလိုက်မှုအပေါ် ပြန်ပြီး သုံးသပ်ပေးဖို့ ထိုင်းအမျိုးသားလူ့ အခွင့်အရေးကော်မရှင်တိုက်တွန်း

မြန်မာရွှေ့ပြောင်းပညာရေးစင်တာ ၆ ခုကို ပိတ်သိမ်းလိုက်မှုအပေါ် ပြန်ပြီး သုံးသပ်ပေးဖို့ ထိုင်းအမျိုးသားလူ့ အခွင့်အရေးကော်မရှင်တိုက်တွန်း

၉ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်က မေတ္တာရိပ်မြန်မာသင်ကြားရေးစင်တာအပါအဝင် မြန်မာရွှေ့ပြောင်းပညာရေး စင်တာ ၆ ခုကို ထိုင်းပညာရေးဌာနက ပိတ်သိမ်းလိုက်တဲ့အပေါ် ပြန်ပြီး သုံးသပ်ပေးဖို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၈ ရက်က တိုက်တွန်းခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်က မြန်မာရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးစင်တာတစ်ခု ဖြစ်တဲ့ မေတ္တာရိပ်သင်ကြား ရေးစင်တာကို ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းလိုက်ပါတယ်။

မေတ္တာရိပ်ဟာ ပညာရေးစင်တာတစ်ခုရဲ့ ဖွဲ့စည်းပုံနဲ့ မပြည့်စုံတဲ့အတွက် ဖွင့်ခွင့်မပေးတဲ့ကြားက တရားမဝင်ဖွင့်ခဲ့တဲ့အတွက် ပိတ်သိမ်းလိုက်တာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေဘက်က စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မေတ္တာရိပ်အပြင် တခြား ရွှေ့ပြောင်းသင်ကြားရေးစင်တာ ၅ ခုကိုလည်း ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းခဲ့ပါတယ်။ ထိုင်းတစ်နိုင်ငံလုံးမှာ ရွှေ့ပြောင်းကလေးတွေအတွက် ပညာရေးစင်တာ ၆၃ ခုရှိနေပြီး ကျောင်းသားကျောင်းသူ ၁၈,၀၀၀ ဝန်းကျင် ပညာသင်ကြားနေတာဖြစ်ပါတယ်။

မေတ္တာရိပ်ကျောင်းက Assembly အချိန်မှာ မြန်မာနိုင်ငံတော်သီချင်းသီဆိုတဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ ပျံ့နှံ့သွားပြီးနောက်မှာ နိုင်ငံတဝန်းက ရွှေ့ပြောင်းသင်ကြားရေးစင်တာတွေကို စစ်ဆေးဖို့ ထိုင်းပညာရေးဌာနက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း ရနောင်းခရိုင်ထဲက ရွှေ့ပြောင်းပညာရေးစင်တာ ၁၃ ခုကို သင်ကြားရေး စင်တာတွေမှာ ရှိရမယ့် သတ်မှတ်ထားတဲ့မူဘောင်နဲ့မကိုက်ညီတာ၊ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ ဆရာဆရာမတွေက သင်ကြား နေတာ စတဲ့အချက်တွေနဲ့ ထိုင်းပညာရေးဌာနနဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်က မေတ္တာရိပ်အပါအဝင် ပညာရေးစင်တာ ၆ ခု ပိတ်သိမ်းခံရတာဟာ ရွှေ့ပြောင်းကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို ဆုံးရှုံးစေတာကြောင့် စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

သင်ကြားရေးစင်တာတွေကို ပိတ်သိမ်းတာက ထိုင်းနိုင်ငံအနေနဲ့ လိုက်နာရမဲ့ ဝတ္တရားနဲ့ လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်ရာကျတယ်လို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးအတွက် ၁၉၉၂ မှာ သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်ထဲမှာ ဒုက္ခသည်ကလေးသူငယ်များဆိုတဲ့ စာသားကိုလည်း ကုလသမဂ္ဂနဲ့ ထည့်သွင်းချုပ်ဆိုထားပါတယ်။

ပုံစာ – ရွှေ့ပြောင်းသင်ကြားရေးစင်တာတွေ ပြန်ဖွင့်ဖို့ လူ့အခွင့်အရေးကော်မရှင် တောင်းဆိုစဉ်
Photo – CJ

ဆက်စပ် သတင်းများ

Most read