Homeပြည်တွင်းသတင်းထိုင်းမှာ မေတ္တာရိပ်အပြင် နောက်ထပ် မြန်မာစာသင်ကျောင်း ၅ ကျောင်း ပိတ်သိမ်းခံရ

ထိုင်းမှာ မေတ္တာရိပ်အပြင် နောက်ထပ် မြန်မာစာသင်ကျောင်း ၅ ကျောင်း ပိတ်သိမ်းခံရ

၈ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီမြို့က မြန်မာရွှေ့ပြောင်းကလေး ၁၂၀၀ ကျော် ပညာသင်နေတဲ့ “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းကို ပိတ်ပြီးနောက် နောက်ထပ် မြန်မာစာသင်ကျောင်း ၅ ကျောင်းကို ထိုင်းအစိုးရက ထပ်ပြီး ချိတ်ပိတ်လိုက်ပါတယ်။ Po Wai ခရိုင်၊ Wat Som Wang Wanaram ခရိုင်၊ Muang ခရိုင်၊ Khiri Ratthanikom ခရိုင်၊ Don Sak ခရိုင်နဲ့ Koh Phangan တို့က ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေ ပိတ်ခံလိုက်ရပါတယ်။

ဒီမြန်မာကျောင်း ခြောက်ကျောင်းကို ပိတ်သိမ်းပြီးနောက် ထိုင်းပညာရေးဝန်ကြီးဌာနက တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်းတွေ ရှိ မရှိ သေချာစစ်ဆေးဖို့ ဒေသအာဏာပိုင်တွေကို ထိုင်းအစိုးရက ညွှန်ကြားထားတယ်လို့ ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတဝန်းက မြန်မာစာသင်ကျောင်းတွေကို စစ်ဆေးဖို့ ထိုင်းအစိုးရက ညွှန်ကြားထားတာကြောင့် ကျန်တဲ့ဒေသတွေက မြန်မာစာသင်ကျောင်းတွေကိုလည်း စိုးရိမ်ရတယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ ရွှေ့ပြောင်းအလုပ်သမားကျောင်းတွေ ၁၅၀ က ၂၀၀ ကြားရှိတယ်လို့ သိရပါတယ်။ ဒီကျောင်းတွေထဲက တရားမဝင်တဲ့ကျောင်းတွေကို ပိတ်ပင်တာထက် နည်းမှန်လမ်းမှန်နဲ့ဖွင့်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တယ်လို့ ဦးထူးချစ်က ဆိုပါတယ်။

မေတ္တာရိပ်စာသင်ကျောင်းကို ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများ အက်ဥပ‌ဒေအရ တည်ထောင်ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး ချိတ်ပိတ်ထားပါတယ်။ တရားဥပဒေရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆူရတ်ဌာနီခရိုင်ပညာရေးရုံးက စက်တင်ဘာ ၄ ရက်မှာ သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီစာသင်ကျောင်းဟာ ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ကျောင်းကို ပိတ်ဖို့ ခရိုင်ပညာရေးရုံးက ညွှန်ကြားထားတယ်လို့ စူရတ်ဌာနခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မေတ္တာရိပ်စာသင်ကျောင်းပိုင်ရှင် ထိုင်းလူမျိုး နဲ့ မြန်မာ ဆရာ၊ ဆရာမ ၂၄ ယောက် အပြင် ထိုင်း ဆရာ၊ ဆရာမ ခြောက်ဦးတို့ကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ စက်တင်ဘာ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ စူရတ်ဌာနီ အာဏာပိုင်တွေက ဆိုပါတယ်။

ပိတ်ခံလိုက်ရတဲ့ မေတ္တာရိပ်ကျောင်းမှာ မြန်မာ ကျောင်းသား ဦးရေ ၁၂၅ဝ တက်ရောက်နေပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေး အနည်းဆုံး ငါးသိန်းလောက် ရှိတယ်လို့ အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။

ပုံစာ – ရွှေ့ပြောင်းစာသင်ကျောင်းက မြန်မာကလေးငယ်တွေကို တွေ့မြင်ရပုံ

Photo – UN ၊ ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read