Homeပြည်တွင်းသတင်းစီးပွားရေးကျဆင်းနေတဲ့ မြန်မာနိုင်ငံက ထိုင်းစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထွက်ခွာ

စီးပွားရေးကျဆင်းနေတဲ့ မြန်မာနိုင်ငံက ထိုင်းစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထွက်ခွာ

၄ စက်တင်ဘာ၊ ၂၀၂၄

စီးပွားရေးကျဆင်းနေပြီး ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွင်းက ထိုင်းစီးပွား ရေးလုပ်ငန်းတွေ ရပ်နားပြီး မြန်မာနိုင်ငံအတွင်းက ထွက်ခွာနေပြီလို့ ထိုင်း သတင်းဌာန The Nation မှာ ဖော်ပြပါတယ်။

ဘတ်ငွေ ၈ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းဘိလပ်မြေလုပ်ငန်း Siam Cement Group (SCG) ဟာ မြန်မာနိုင်ငံက စက်ရုံ ၂ ရုံကို စစ်ပွဲတွေကြောင့် လုပ်ငန်းရပ်ဆိုင်းလိုက်ပါတယ်။

ဒီစက်ရုံတွေက စက်ပစ္စည်းတွေ ခိုးယူခံရတယ်လို့ စက်တင်ဘာလ ၂ ရက်က ထုတ်ပြန်တဲ့ သတင်းမှာ ရေးသားထားပါတယ်။ SCG ကုမ္ပဏီ ဒုဥက္ကဋ္ဌက မြန်မာနိုင်ငံက လုပ်ငန်းတွေ အချိန်တိုအတွင်း ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ချက်မရှိဘဲ ဖြစ်နေပြီး ဝန်ထမ်းတွေရဲ့အသက်အန္တရာယ် မထိခိုက်အောင် ရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။

ဘတ်ငွေ ၁၃၆ သန်း တန်ဖိုး ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းအဖျော်ယမကာလုပ်ငန်း OSP ကလည်း မြန်မာနိုင်ငံက ဖျော်ရည်ပုလင်းထုတ်လုပ်တဲ့ Myanmar Golden Eagle နဲ့ Myanmar Golden Glass အမှတ်တံဆိပ် လုပ်ငန်းတွေကို ပြန်ပြီး ရောင်းချတော့မှာဖြစ်ပါတယ်။

ပလတ်စတစ်နဲ့ ကုန်ပစ္စည်းထုပ်ပိုးတဲ့လုပ်ငန်း TPBI Public Company Limited ကလည်း စီးပွားရေးအရ မသေချာမှုတွေကြောင့် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်နားထားတယ်လို့ ဇူလိုင်လထဲက ကြေညာထားပါတယ်။

ကုန်စည်ပြပွဲနဲ့အခမ်းအနားတွေကို စီစဉ်တဲ့ Grand Prix International Plc နဲ့ ဖျော်ဖြေရေး အခမ်းအနား ပွဲလမ်းတွေ စီစဉ်ပေးတဲ့ Index Creative Village ကုမ္ပဏီတွေလည်း မနှစ်က စပြီးမြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်ထားပါတယ်။

Mama တံဆိပ် အသင့်စား ခေါက်ဆွဲထုပ်တွေ ထုတ်လုပ်တဲ့ Thai President Foods ကုမ္ပဏီကတော့ မန္တလေးမြို့က ဝန်ထမ်းတစ်ရာလောက်ရှိတဲ့ စက်ရုံကို ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး အခြေအနေ တွေကို သတိထားစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလကတည်းက ကျဆင်းနေခဲ့ပြီး ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး ပဋိပက္ခတွေကြောင့် အခြေအနေ ပိုဆိုးလာကြောင်းနဲ့ လက်ရှိမှာ စီးပွားရေး အခြေအနေပြန်ကောင်းလာဖွယ်မရှိကြောင်း The Nation သတင်းမှာ ဖော်ပြထားပါတယ်။

Photo – Bangkok Post

ဆက်စပ် သတင်းများ

Most read