Homeပြည်တွင်းသတင်းတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရင် စက်လှေမှောက်လို့ သေဆုံးခဲ့တဲ့ ရိုဟင်ဂျာ ရုပ်အလောင်း ၃၄ လောင်းတွေ့ရှိ

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရင် စက်လှေမှောက်လို့ သေဆုံးခဲ့တဲ့ ရိုဟင်ဂျာ ရုပ်အလောင်း ၃၄ လောင်းတွေ့ရှိ

၉ ဩဂုတ်။ ၂၀၂၄

နတ်မြစ်ထဲမှာ စစ်လှေမှောက်ပြီး သေဆုံးသွားတဲ့ ရိုဟင်ဂျာတွေရဲ့ ရုပ်အလောင်း ၃၄ လောင်းကို တွေ့ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံရဲ့ ဒေသတွင်း အရာရှိတယောက်က ဩဂုတ် ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြားတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့် ရိုဟင်ဂျာ တထောင်ထက်မနည်းဟာ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့်ရှ်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အဲ့ဒီလိုထွက်ပြေးဖို့ ကြိုးစားရင် စစ်လှေမှောက်လို့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပါသေးတယ်။ အခုတော့ ဘင်္ဂလားဒေ့ရှ် Shahpari ကျွန်းနားမှာ နစ်မြှုပ်ခဲ့တဲ့ စက်လှေပေါ်ပါပြီး သေဆုံးသူတွေကို ထပ်ပြီးတွေ့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်ကလည်း မောင်တောဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေရဲ့ လူအုပ်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် လူ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူအများအပြားသေဆုံးသွားခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က New Day Myanmar ကိုပြောပါတယ်။

Photo – bdnews24

ဆက်စပ် သတင်းများ

Most read