Homeနိုင်ငံတကာသတင်းရေနံတင်သင်္ဘောတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံဈေး တစ်စည် ဒေါ်လာ ၁၀၀ အထက်မှာ ဆက်ရှိ

ရေနံတင်သင်္ဘောတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံဈေး တစ်စည် ဒေါ်လာ ၁၀၀ အထက်မှာ ဆက်ရှိ

စက်တင်ဘာ ၁၀၊ ၂၀၂၆ | New Day Myanmar

အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး ရေနံတင်သင်္ဘောတွေ ဆက်တိုက်တိုက်ခိုက်ခံနေရတာကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ပြတ်တောက်နိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာကာ Brent ရေနံစိမ်းဈေးဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ အထက်မှာ ဆက်လက်ရှိနေပါတယ်။

စက်တင်ဘာ ၁၀ ရက် အာရှဈေးကွက်အတွင်း Brent ရေနံစိမ်းဈေးဟာ ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်စည်ကို ၁၀၁ ဒသမ ၁၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းဈေးကတော့ ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်ကို ၉၆ ဒသမ ၂၄ ဒေါ်လာ ရှိခဲ့ပါတယ်။

Brent ရေနံစိမ်းဈေးဟာ အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုတွေနဲ့ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိသေးတာကြောင့် ဩဂုတ်လအစပိုင်းကစပြီး ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတာဖြစ်ပါတယ်။

အမေရိကန်က အီရန်ရေနံတင်သင်္ဘောငါးစင်းကို နစ်မြုပ်စေခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားအနီးက သင်္ဘော ၁၀ စင်းကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ ခြောက်လကြာ အမေရိကန်-အီရန်စစ်ပွဲအတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို နှစ်ဖက်စလုံးက အကြီးမားဆုံးတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီး ပင်လယ်ကူးသင်္ဘောသားတစ်ဦး သေဆုံးကာ နောက်တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ဖြတ်သန်းရာ အဓိကရေကြောင်းလမ်းဖြစ်ပါတယ်။ လက်ရှိတိုက်ခိုက်မှုတွေကြောင့် ရေလက်ကြားကို ဖြတ်သန်းတဲ့ ရေနံပမာဏ သိသိသာသာ ကျဆင်းနေပါတယ်။

တစ်ချိန်တည်းမှာ အီရန်မဟာမိတ် ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတာကြောင့် ပင်လယ်နီကတစ်ဆင့် ရေနံတင်ပို့တဲ့ အစားထိုးလမ်းကြောင်းတွေရဲ့ လုံခြုံရေးကိုပါ စိုးရိမ်လာကြပါတယ်။

ရေနံတင်ပို့မှု ပြတ်တောက်တာ ကြာမြင့်လာပါက ကမ္ဘာ့လောင်စာဆီ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေ ဆက်လက်မြင့်တက်နိုင်ပါတယ်။ ပြည်ပကနေ စက်သုံးဆီတင်သွင်းနေရတဲ့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့ရေနံဈေးမြင့်တက်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပေါင်းစပ်လာပါက စက်သုံးဆီနဲ့ အခြေခံကုန်ဈေးနှုန်းတွေအပေါ် ထပ်မံဖိအားဖြစ်လာနိုင်ပါတယ်။

Related News

Most Read