ဩဂုတ် ၂၇၊ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့မှာ ညပိုင်း YBS စီးပြီး အိမ်ပြန်ရတဲ့ ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအတွက် ကားတွေ မရပ်ပေးတဲ့ ပြဿနာ ပိုများလာပြီး လမ်းစရိတ်ပိုကုန်ကျလာတယ်လို့ ခရီးသည်တွေဆီက New Day Myanmar က စုံစမ်းသိရှိရပါတယ်။
လက်ရှိ YBS ယာဉ်လိုင်းတချို့မှာ ယာဉ်အစီးရေ နည်းလာတာနဲ့ ညနေ ၆ နာရီနောက်ပိုင်း ပြေးဆွဲတဲ့ကား နည်းလာတာတွေကြောင့် ခရီးသည်တွေဟာ ကားမှတ်တိုင်တွေမှာ အချိန်အတော်ကြာ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
ဒီလို စောင့်ဆိုင်းနေရတဲ့ကြားက ညပိုင်း နောက်ဆုံးထွက်တဲ့ YBS ကားတချို့က လူပြည့်နေတယ်ဆိုတာ၊ ဂိတ်သိမ်းချင်တာတွေကြောင့် မှတ်တိုင်က ခရီးသည်တွေကို မတင်ဘဲ ကျော်မောင်းသွားတာ နေ့စဉ်နီးပါး ကြုံနေရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
“ဒီပြဿနာကို YRTC က တာဝန်ရှိသူဆီ ဖုန်းဆက်တော့လည်း ဆောင်ရွက်ပေးပါမယ်ဆိုတာနဲ့တင် ပြီးသွားတယ်။ ဘာမှ မထူးခြားလာဘူး။ အခုက ညဘက်ရော နေ့ဘက်ရော အချို့လိုင်းတွေ ကားဆွဲတာ နည်းလာတယ်။ သူတို့ကတော့ ပြင်ဆင်နေလို့ပါလို့ပဲ ပြောတယ်။ သွားမယ့်ခရီးက တဆင့်တည်းစီးရင် ရောက်ပေမယ့် အခုက နှစ်ဆင့်၊ သုံးဆင့် ပြောင်းစီးနေရတယ်။ ညနေပိုင်း ရုံးဆင်းချိန်ဆို ပိုဆိုးတယ်။ ကားပါ မရပ်ပေးဘဲ မောင်းထွက်သွားတာ” လို့ ဒီလိုအခြေအနေကို နေ့စဉ်ကြုံနေရတဲ့ မြို့တွင်းခရီးသည်တဦးက New Day Myanmar ကို ပြောပါတယ်။
အလားတူ နေအိမ်အလှဆင်လုပ်ငန်း လုပ်ကိုင်နေသူတဦးကလည်း နေ့ဘက်မှာတောင် YBS ကားရှားလာတာကြောင့် အလုပ်ချိန်နောက်ကျတာနဲ့ လမ်းစရိတ်ပိုကုန်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
“နေ့ဘက် အလုပ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ခြောက်မှတ်တိုင်လောက် စီးရမယ့်ခရီးကို YBS စောင့်တာ တနာရီကျော်ကြာတယ်။ မလာတဲ့အဆုံး ကားငှားရတာပေါ့။ ကားငှားမသွားရင်လည်း အိမ်ရှင်က စောင့်နေတာ အားနာစရာဖြစ်နေပြီ။ ပိုကုန်တာပေါ့ဗျာ။ အခုက ညပိုင်းတင် မဟုတ်ဘူး၊ နေ့ပိုင်းတွေပါ လိုင်းကား ရှားလာတယ်” လို့ သူက ပြောပါတယ်။
ဒီအခြေအနေကြောင့် စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီဝန်ထမ်းတချို့ဟာ ညနက်တဲ့အချိန်အထိ လမ်းမှာ သောင်တင်နေရပြီး လုံခြုံရေးအန္တရာယ်ကိုပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
YBS ကားမရတော့တဲ့အခါ သုံးဘီးဆိုင်ကယ်၊ လိုက်ထရပ်နဲ့ တက္ကစီတွေကို စရိတ်ပိုပေးပြီး စုပေါင်းစီးနေရတာကြောင့် နေ့စဉ်ရတဲ့ လုပ်ခလစာနဲ့ မမျှအောင် လမ်းစရိတ်ကုန်ကျလာတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
အထူးသဖြင့် အရင်က တဆင့်တည်းနဲ့ ရောက်နိုင်တဲ့ ခရီးကို နှစ်ဆင့်၊ သုံးဆင့် ပြောင်းစီးရတာ၊ YBS မရတော့လို့ တခြားယာဉ်တွေ ငှားစီးရတာတွေကြောင့် ဝန်ထမ်းနဲ့ အခြေခံလူတန်းစားတွေအတွက် နေ့စဉ်အသွားအလာစရိတ် ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေပါတယ်။
ခရီးသည်တွေကတော့ ညပိုင်း YBS ပြေးဆွဲမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပိုမိုစစ်ဆေးကြပ်မတ်ပေးဖို့၊ မှတ်တိုင်မှာ ခရီးသည်တွေရှိနေတာကို မတင်ဘဲ ကျော်မောင်းသွားတဲ့ ယာဉ်မောင်းတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။

