Homeအထူးသတင်းရိုဟင်ဂျာဒုက္ခသည် ၃၅ ရာခိုင်နှုန်း ဒီနှစ်မှာအရေးပေါ်အဆင့် ငတ်မွတ်မှု ရင်ဆိုင်ရနိုင်

ရိုဟင်ဂျာဒုက္ခသည် ၃၅ ရာခိုင်နှုန်း ဒီနှစ်မှာအရေးပေါ်အဆင့် ငတ်မွတ်မှု ရင်ဆိုင်ရနိုင်

ဩဂုတ် ၂၅၊ ၂၀၂၆ | New Day Myanmar

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာရှန်ချာကျွန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၃၅ ရာခိုင်နှုန်းခန့်ဟာ ဒီနှစ်အတွင်း အရေးပေါ်အဆင့် အစာမလုံလောက်မှု ရင်ဆိုင်ရနိုင်တယ်လို့ Save the Children က ဩဂုတ် ၂၅ ရက်မှာ သတိပေးပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့တာ ၉ နှစ်ပြည့်ချိန်မှာ ဒီသတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းနီးပါး နေထိုင်နေကြပါတယ်။

IPC အစားအစာဖူလုံမှု အဆင့်သတ်မှတ်ချက်မှာ Phase 3 – Crisis ဆိုတာ မိသားစုတစ်စုအနေနဲ့ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဖို့ ပိုင်ဆိုင်မှုတွေ ရောင်းချတာ၊ အကြွေးတင်တာနဲ့ နေ့စဉ်အသုံးစရိတ်တွေ အလွန်အမင်း လျှော့ချရတဲ့ အခြေအနေကို ဆိုလိုပါတယ်။ Phase 4 – Emergency ကတော့ အစားအစာအလွန်အမင်း မလုံလောက်တော့ဘဲ အာဟာရချို့တဲ့မှုနဲ့ အသက်အန္တရာယ် ပိုမြင့်လာတဲ့ အဆင့် ဖြစ်ပါတယ်။

IPC ရဲ့ ၂၀၂၆ ခန့်မှန်းချက်အရ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘာရှန်ချာကျွန်းက ဒုက္ခသည်တွေထဲ လက်ရှိ ၃၀ ရာခိုင်နှုန်းခန့်က Phase 3 သို့မဟုတ် အထက် ရင်ဆိုင်နေရပြီး စက်တင်ဘာကနေ ဒီဇင်ဘာအတွင်း အခြေအနေ ပိုဆိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

Save the Children ကတော့ နိုင်ငံတကာအလှူရှင်တွေရဲ့ ရန်ပုံငွေ လျော့ကျလာတာ၊ အစားအစာရိက္ခာပမာဏ လျှော့ချရတာ၊ ဒုက္ခသည်စခန်းတွေ အလွန်အကျွံ လူပြည့်ကျပ်နေတာနဲ့ သန့်ရှင်းတဲ့ရေ၊ အာဟာရပြည့်အစားအစာနဲ့ အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်း နည်းပါးတာတွေက အခြေအနေကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက ၂၀၂၆ ခုနှစ်အတွက် ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံအသိုင်းအဝိုင်းကို အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၇၁၀ ဒသမ ၅ သန်း တောင်းခံထားပေမယ့် ကမ္ဘာတဝန်း လူသားချင်းစာနာမှုရန်ပုံငွေ လျော့ကျလာတာကြောင့် အရေးကြီးဝန်ဆောင်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ရေး ဖိအားများနေပါတယ်။

WFP ကလည်း ဧပြီလကစပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အစားအစာအကူအညီကို မိသားစုတစ်စုချင်းစီရဲ့ လိုအပ်ချက်အလိုက် ခွဲဝေပေးတဲ့စနစ် ပြောင်းလဲထားပါတယ်။ အစာမလုံလောက်မှု အဆိုးရွားဆုံးမိသားစုတွေကို တစ်ဦးတစ်လ ဒေါ်လာ ၁၂၊ အလွန်အမင်း မလုံလောက်သူတွေကို ဒေါ်လာ ၁၀ နဲ့ အခြားအစားအစာမလုံလောက်တဲ့ မိသားစုတွေကို ဒေါ်လာ ၇ စီ ပေးနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးတွေက အထူးထိခိုက်နိုင်တဲ့အုပ်စု ဖြစ်နေပါတယ်။ UNICEF အဆိုအရ ၂၀၂၆ ခုနှစ်အစမှာ ရိုဟင်ဂျာဒုက္ခသည်ဦးရေရဲ့ ထက်ဝက်ကျော်ဟာ ကလေးတွေဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေး ၂၃၅,၀၀၀ ကျော် ကျောင်းပြင်ပ ရောက်နေတယ်လို့ ခန့်မှန်းထားပါတယ်။ အာဟာရချို့တဲ့မှု၊ အလုပ်သမားအဖြစ် အမြတ်ထုတ်ခံရမှု၊ ကလေးအိမ်ထောင်ပြုမှုနဲ့ လူကုန်ကူးမှုအန္တရာယ်တွေပါ ပိုမြင့်လာနိုင်တယ်လို့ UNICEF က သတိပေးပါတယ်။

Save the Children ကတော့ အကူအညီရန်ပုံငွေ ဆက်လျော့နေမယ်ဆိုရင် ရိုဟင်ဂျာမိသားစုတွေ အစားအစာလျှော့စားရတာ၊ အကြွေးတင်တာနဲ့ ကလေးတွေ အာဟာရချို့တဲ့မှု ပိုမြင့်လာနိုင်ပြီး လူငယ်တွေ အန္တရာယ်များတဲ့ ပင်လယ်ခရီးနဲ့ လူကုန်ကူးကွန်ရက်တွေဆီ ရောက်သွားနိုင်တဲ့ အန္တရာယ်လည်း ပိုကြီးလာမယ်လို့ သတိပေးထားပါတယ်။

Related News

Most Read