ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar
တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို အလုပ်အကိုင်အခွင့်အလမ်းနဲ့ လိမ်လည်ခေါ်ဆောင်ပြီး ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံ မြဝတီဒေသကို လူကုန်ကူးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံဖြတ်ကျော်လူကုန်ကူးဂိုဏ်းဝင် ၁၇ ဦးကို တရုတ်နိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။
ရှန်ဟိုင်းမြို့ ပြည်သူ့ရှေ့နေအဖွဲ့ရဲ့ စိစစ်မှုအပြီးမှာ သံသယရှိသူ ၁၇ ဦးကို လူပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ တရားမဝင်ချုပ်နှောင်မှု၊ လုယက်မှုနဲ့ လူတွေကို အွန်လိုင်းနဲ့ တယ်လီဖုန်းလိမ်လည်မှုတွေ အတင်းအကျပ် လုပ်ခိုင်းမှု စတဲ့ စွဲချက်တွေနဲ့ ရှန်ဟိုင်းအမှတ် (၂) အလယ်အလတ်ပြည်သူ့တရားရုံးမှာ တရားစွဲထားတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။
တရုတ်အစိုးရရှေ့နေဘက်ရဲ့ စွပ်စွဲချက်အရ အဲဒီဂိုဏ်းဟာ မြန်မာနိုင်ငံ မြဝတီဒေသမှာ အခြေစိုက်လှုပ်ရှားခဲ့ပြီး နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုတဲ့ အခွင့်အလမ်းတွေကို အသုံးချကာ တရုတ်နိုင်ငံသားတွေကို လိမ်လည်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်လာတဲ့နောက် လက်နက်ကိုင်တွေက သူတို့ကို မြဝတီဒေသဆီ အတင်းအကျပ် ခေါ်ဆောင်သွားပြီး ပစ္စည်းလုယူတာ၊ ရိုက်နှက်တာနဲ့ တရားမဝင်ချုပ်နှောင်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သားကောင်တချို့ကို မြဝတီဒေသက အွန်လိုင်းလိမ်လည်ရေးစခန်းတွေဆီ ရောင်းချပြီး တယ်လီဖုန်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေ အတင်းအကျပ် လုပ်ခိုင်းခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ အမျိုးသမီးသားကောင်တချို့ကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသလို အတင်းအကျပ် ပြည့်တန်ဆာလုပ်ခိုင်းခံရတာတွေလည်း ရှိခဲ့တယ်လို့ တရုတ်အစိုးရရှေ့နေဘက်က ဆိုပါတယ်။
တရုတ်သရုပ်ဆောင် ဝမ်ရှင်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ WeChat အဖွဲ့တစ်ခုအတွင်း ဘန်ကောက်မှာ ရုပ်ရှင်ရိုက်ဖို့ သရုပ်ဆောင်ခေါ်ယူတဲ့ ကြော်ငြာတစ်ခုကို တွေ့ခဲ့ပြီး ကိုယ့်ကိုယ်ကို လက်ထောက်ဒါရိုက်တာလို့ ပြောဆိုသူတစ်ဦးနဲ့ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ ဘန်ကောက်လေဆိပ် ရောက်ရှိချိန် အဲဒီလူက စီစဉ်ပေးထားတဲ့ ကားနဲ့ ခေါ်ဆောင်သွားခံခဲ့ရပြီး နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ကတဆင့် မြဝတီဒေသကို ပို့ဆောင်ခံခဲ့ရပါတယ်။ မြဝတီရောက်ပြီးနောက် အွန်လိုင်းလိမ်လည်ရေးစခန်း အများအပြားဆီ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ တရုတ်ဘက် စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။
ဝမ်ရှင်း ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်း ဇန်နဝါရီ ၅ ရက်မှာ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပြီးနောက် တရုတ်နဲ့ ထိုင်းနိုင်ငံမှာ အာရုံစိုက်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်မှာ မြန်မာဘက် နယ်ခြားစောင့်တပ်က ဝမ်ရှင်းကို တွေ့ရှိထားကြောင်း ထိုင်းရဲတပ်ဖွဲ့ဆီ အသိပေးခဲ့ပြီး နောက်ပိုင်း ထိုင်းဘက်ကို ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းမှုမှာ ဝမ်ရှင်းဟာ ရုပ်ရှင်ရိုက်ကူးရေးအလုပ်နဲ့ လိမ်လည်ခေါ်ဆောင်ခံရပြီး လူကုန်ကူးမှုရဲ့ သားကောင်တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဝမ်ရှင်းဟာ ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် တရုတ်ရဲတပ်ဖွဲ့က အမှုကို ဆက်လက်စုံစမ်းပြီး ဝမ်ရှင်းနဲ့ ဆက်သွယ်ခဲ့တဲ့ “လက်ထောက်ဒါရိုက်တာ” ဆိုသူ အဓိကသံသယရှိသူကို ဇန်နဝါရီ ၂၅ ရက်မှာ တရုတ်နိုင်ငံကို ပြန်လည်ခေါ်ယူဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာလည်း ဝမ်ရှင်းနဲ့ တခြားတရုတ်နိုင်ငံသားတွေကို လိမ်လည်ခေါ်ဆောင်မှုတွေနဲ့ ဆက်စပ်တဲ့ အဓိကသံသယရှိသူ ၁၀ ဦးကို ထိုင်းရဲက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
ဝမ်ရှင်းအမှု ထွက်ပေါ်လာပြီးနောက် မြဝတီနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က အွန်လိုင်းလိမ်လည်ရေးစခန်းတွေမှာ နိုင်ငံခြားသားတွေ လိမ်လည်ခေါ်ဆောင်ခံရတာ၊ တရားမဝင်ချုပ်နှောင်ခံရတာနဲ့ အွန်လိုင်းလိမ်လည်မှုတွေ အတင်းအကျပ် လုပ်ခိုင်းခံနေရတဲ့ ပြဿနာဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှာ အာရုံစိုက်မှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။

