Homeပြည်တွင်းသတင်းမြဝတီဘက်က တိုက်ပွဲတွေကြောင့် ကျည်ဆန် ၂၀ ခန့် ထိုင်းဘက်ကျ၊ နေအိမ် ၃ လုံး ပျက်စီး

မြဝတီဘက်က တိုက်ပွဲတွေကြောင့် ကျည်ဆန် ၂၀ ခန့် ထိုင်းဘက်ကျ၊ နေအိမ် ၃ လုံး ပျက်စီး

ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်မှာ စစ်အုပ်စုတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ကျည်ဆန် ၂၀ ခန့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ကျော်လွန်ကျရောက်ကာ နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ပွဲဟာ မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးလေးကျေးရွာဘက် မှာ စစ်အုပ်စုရဲ့ ခြေမြန်တပ်မ ၂၂ လက်အောက်ခံတပ်တွေနဲ့ KNLA တို့ကြား ဖြစ်ပွားနေတာဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ဒေသက ဟွေးမဟာဝုန်ကျေးရွာနဲ့ မဲကုန်ကန်ကျေးရွာဘက် နဲ့ မျက်နှာချင်းဆိုင်နေပါတယ်။

ဩဂုတ် ၁၈ ရက် ညပိုင်းကနေ ဒီနေ့ ဩဂုတ် ၁၉ ရက် မနက် ၆ နာရီအထိ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရပြီး တိုက်ပွဲပိုမိုပြင်းထန်လာတာနဲ့အမျှ လက်နက်ငယ်ကျည်ဆန်တွေ ထိုင်းဘက်ကို မကြာခဏ ကျော်လွန်ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ် နရဲစွမ်တပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးရာမှာ ကျည်ဆန်ကျရောက်တဲ့ နေရာ ၃ ခု တွေ့ရှိခဲ့ပါတယ်။ ပထမနေအိမ်ဟာ ထိုင်း-မြန်မာနယ်စပ်ကနေ မီတာ ၅၀၀ ခန့် အကွာမှာရှိပြီး ကျည်ဆန်တစ်တောင့်က အိမ်နောက်ဘက်နံရံကို ဖောက်ဝင်ကာ အိပ်ခန်းရှေ့ဘက်အထိ ထွက်သွားခဲ့ပါတယ်။

နောက်ထပ် နေအိမ်နှစ်လုံးက နယ်စပ်ကနေ မီတာ ၄၅၀ နဲ့ ၃၆၀ ခန့် အကွာမှာ ရှိပြီး ကျည်ဆန်တွေ ဝင်ရောက်ထိမှန်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ မရှိဘူးလို့ ထိုင်းဘက်က ဆိုပါတယ်။

ဒေသခံတွေက မြန်မာဘက်မှာ တိုက်ပွဲဖြစ်တိုင်း ကျည်ဆန်တွေ ထိုင်းဘက်ကို မကြာခဏ ကျော်ဝင်လာလေ့ရှိပြီး ဒီတစ်ကြိမ်မှာတော့ ပစ်ခတ်မှု ပိုမိုစိပ်လာတယ်လို့ ပြောပါတယ်။ ဒေသခံတချို့ကတော့ ကျည်ဆန်တွေ ထိုင်းနေအိမ်ဘက်ကို ရည်ရွယ်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ စွပ်စွဲထားပေမယ့် ဘယ်ဘက်က ပစ်ခတ်ခဲ့တာလဲနဲ့ ရည်ရွယ်ချက်ရှိ၊ မရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲအနီးမှာ နေထိုင်သူတွေကတော့ ဘယ်နေရာက ပစ်ခတ်လာတယ်၊ ကျည်ဆန်တွေ ဘယ်ဘက်က ဝင်လာတယ်ဆိုတာကို အတွေ့အကြုံကနေ သိလာတာကြောင့် နေအိမ်အတွင်း လုံခြုံနိုင်မယ့်နေရာတွေမှာ ပုန်းခိုနေကြရတယ်လို့ ပြောပါတယ်။

Related News

Most Read