Homeပြည်တွင်းသတင်းနိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ တွေ့

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ တွေ့

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါ ဟာ ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ မင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ ငလျင်ဒဏ်ခံ အဆောက်အဦဆောက်လုပ်ရေး ပညာရပ်တွေ ကူညီပေးရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ ဆာဆာကာဝါက မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တတ်နိုင်တဲ့ဘက်က ကူညီပေးသွားမယ့် အခြေအနေတွေ၊ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် က ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီပေးမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်တွေမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ သင်ကြားပေးနိုင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီပေးဖို့လည်း ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ယိုဟေး ဆာဆာကာဝါ ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်လာသူဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဂျပန်အစိုးရက သူ့ကို မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက မြန်မာအစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ကြားဝင်ဆက်သွယ်ပေးခဲ့သူ ဖြစ်ပါတယ်။

ဆာဆာကာဝါနဲ့ နိပွန်ဖောင်ဒေးရှင်းတို့ဟာ ၂၀၁၂ ခုနှစ်ကစပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရတာဝန်ရှိသူတွေ၊ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ နိပွန်ဖောင်ဒေးရှင်းရဲ့ မှတ်တမ်းအရ ၂၀၁၂ ခုနှစ်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှု ၁၀၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းတဲ့ကာလမှာလည်း ဆာဆာကာဝါဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ယုံကြည်မှုတည်ဆောက်ရေးနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ရေးမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလမှာ ဆာဆာကာဝါဟာ ဂျပန်အစိုးရရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ မင်းအောင်လှိုင် တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီကာလမှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မဲပေးခွင့်မရခဲ့တဲ့ ဒေသတချို့မှာ ရွေးကောက်ပွဲပြန်ကျင်းပနိုင်ရေးအတွက် စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား ဆက်သွယ်ညှိနှိုင်းမှုတွေမှာလည်း ဆာဆာကာဝါ ပါဝင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို ဆက်လက်လာရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေမှာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒေသတွေကိုလည်း သွားရောက်ခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းက လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့ပါတယ်။

အရေးပါတဲ့ ကြားဝင်ညှိနှိုင်းမှုတစ်ခုကတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်မှု ရရှိရေး ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို လာရောက်ပြီး နှစ်ဖက်နဲ့ ဆက်သွယ်ညှိနှိုင်းခဲ့သလို တိုက်ပွဲတွေကြောင့် ပိတ်ဆို့နေတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာလည်း ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး မြောက်ဦးက စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို စောင်၊ ကျောင်းနဲ့ ဆေးခန်းဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။

ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို အကြိမ် ၁၅၀ ကျော် လာရောက်ခဲ့ဖူးသူဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်းကလည်း မြန်မာနိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ကူညီခဲ့ပါတယ်။

ဒါကြောင့် ဆာဆာကာဝါဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သာမန်အလှူရှင်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးထက်ပိုပြီး စစ်တပ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ဂျပန်ဘက်က အရေးပါတဲ့ ကြားဝင်ညှိနှိုင်းသူတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အခန်းကဏ္ဍယူလာသူ ဖြစ်ပါတယ်။

အခုတစ်ကြိမ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုမှာလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီမယ်လို့ ဆာဆာကာဝါဘက်က ပြောဆိုထားတာကြောင့် နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ညှိနှိုင်းမှုတွေ ဆက်ရှိလာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Related News

Most Read