ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်အပြီးမှာ ထိုင်းအစိုးရဘက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက် တွေကို အများအပြား ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် မင်းအောင်လှိုင်ဘက်က ထိုင်းနိုင်ငံ၊ အာဆီယံ ဒါမှမဟုတ် မြန်မာပြည်သူတွေအပေါ် တာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့ တိကျတဲ့ ကတိကဝတ် တစ်စုံတစ်ရာ မပေးခဲ့ဘူးလို့ ထိုင်းနိုင်ငံရေးသမား ကန်နာဝီ က ဝေဖန်လိုက်ပါတယ်။
ကန်နာဝီက သူ့ရဲ့ လူမှုကွန်ရက်မှာ ကတိကဝတ်မပါသော မျှော်လင့်ချက်များ ဆိုတဲ့ သဘောထားနဲ့ ရေးသားရာမှာ ထိုင်းအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲတွေကို နားထောင်ရသမျှ Expectation ဆိုတဲ့ မျှော်လင့်ချက်စကားတွေကိုသာ အကြိမ်ကြိမ်ကြားခဲ့ရပြီး Commitment ဆိုတဲ့ ကတိကဝတ်တွေကိုတော့ မကြားခဲ့ရဘူးလို့ ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်ကို တရားဝင်ကြိုဆိုလက်ခံခြင်းကနေ ထိုင်းနိုင်ငံအတွက် အမှန်တကယ် ဘာအကျိုးကျေးဇူးရရှိခဲ့သလဲဆိုတာ မရှင်းပြနိုင်ဘူးဆိုရင် ဒီခရီးစဉ်ဟာ မြန်မာ့အရေးအတွက် ဖြေရှင်းချက်ရှာဖွေနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ထိုင်းနိုင်ငံရဲ့ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးတာထက် စစ်အုပ်စုရဲ့ နိုင်ငံရေးတရားဝင်မှုကို ပိုမိုအားကောင်းစေခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဘက်က အကြမ်းဖက်မှု လျှော့ချရေး၊ အရပ်သားတွေကို ကာကွယ်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးနဲ့ မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်း ပုံမှန်အနေအထား ပြန်လည်ရောက်ရှိလာရေး စတဲ့ မျှော်လင့်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ကန်နာဝီ က ရေးသားထားပါတယ်။
ဒါပေမယ့် အဓိကမေးခွန်းကတော့ မင်းအောင်လှိုင်က အဲဒီမျှော်လင့်ချက်တွေကို အမှန်တကယ် လက်ခံခဲ့သလား၊ ဒါမှမဟုတ် အဲဒီအချက်တွေအပေါ် တိကျသေချာတဲ့ ကတိကဝတ်တစ်စုံတစ်ရာ ပေးခဲ့သလားဆိုတာ ဖြစ်တယ်လို့ သူက မေးခွန်းထုတ်ပါတယ်။
ကန်နာဝီက ကောင်းမွန်တဲ့ သံတမန်ရေးကို မျှော်လင့်ချက် တွေနဲ့ တိုင်းတာလို့ မရဘဲ တစ်ဖက်အဖွဲ့က ဘယ်လိုကတိကဝတ်တွေကို လက်ခံဖို့ ဆန္ဒရှိသလဲ၊ အဲဒီကတိကဝတ်တွေအတွက် ဘယ်လောက်အထိ တာဝန်ခံဖို့ အသင့်ရှိသလဲဆိုတာနဲ့ တိုင်းတာရမယ်လို့ ဆိုပါတယ်။ စစ်ဆေးအတည်ပြုနိုင်တဲ့ ကတိကဝတ်တစ်ခုမျှ မရဘဲ မျှော်လင့်ချက်တွေနဲ့သာ ခရီးစဉ်အဆုံးသတ်ခဲ့မယ်ဆိုရင် ထိုင်းသံတမန်ရေးရဲ့ အောင်မြင်မှုလို့ ခေါ်ဆိုဖို့ ခက်ခဲမယ်လို့လည်း သူက သုံးသပ်ပါတယ်။
မြန်မာနဲ့ ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တာကြောင့် ဆက်သွယ်ပြောဆိုမှုကို လုံးဝဖြတ်တောက်ထားလို့ မရပေမယ့် စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုတိုင်းကို ရှင်းလင်းတဲ့ သတ်မှတ်ချက်တွေနဲ့ ချိတ်ဆက်ထားတဲ့ Conditional Engagement ပုံစံနဲ့သာ ဆောင်ရွက်သင့်တယ်လို့ ကန်နာဝီ က ထောက်ပြထားပါတယ်။ အခြေခံမူမရှိဘဲ ဆက်ဆံတာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်တာထက် အာဏာကိုင်ဆောင်ထားသူတွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုပေးရာ ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်လိုရင် ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိတယ်လို့ ပြောထားပေမယ့် အခုခရီးစဉ်နဲ့ ဆွေးနွေးမှုတွေကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ အခြေအနေကို သတ်မှတ်သူထက် တစ်ဖက်က ဘာပြောမလဲဆိုတာ စောင့်ဆိုင်းနေသူအဖြစ် ပိုမိုတွေ့ရတယ်လို့ ကန်နာဝီက ဝေဖန်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ ကြားဝင်ညှိနှိုင်းသူတစ်ဦးဆိုတာ ဆွေးနွေးပွဲရဲ့ မူဘောင်၊ အခြေခံမူနဲ့ ရည်မှန်းချက်တွေကို သတ်မှတ်နိုင်ရမှာဖြစ်ပြီး တစ်ဖက်က ဘာလိုချင်သလဲကိုသာ စောင့်နားထောင်ကာ လိုက်လျောပေးနေသူ မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။
ကန်နာဝီ က ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ နယ်စပ်ဖြတ်ကျော်မြစ်တွေရဲ့ ရေအရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထူးမေးခွန်းထုတ်ထားပါတယ်။
သူက ရေအရည်အသွေး စောင့်ကြည့်တာ၊ စောင့်ကြပ်စစ်ဆေးတာနဲ့ အချက်အလက်မျှဝေတာတွေဟာ လိုအပ်တဲ့ လုပ်ငန်းတွေဖြစ်ပေမယ့် ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ကို မဖြေရှင်းဘဲ ဒီလုပ်ငန်းတွေကိုသာ ဆောင်ရွက်နေမယ်ဆိုရင် ရေညစ်ညမ်းမှု ပိုဆိုးလာတာကို မှတ်တမ်းတင်နေရုံသာ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ကန်နာဝီ ရဲ့ ရေးသားချက်အရ ပြဿနာရဲ့ အရင်းအမြစ်ဟာ မြစ်တွေကိုယ်တိုင် မဟုတ်ဘဲ ရှမ်းပြည်နယ်အတွင်း အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ အထူးသဖြင့် Rare Earth သတ္တုတူးဖော်မှုနဲ့ ဓာတုပစ္စည်းများစွာ အသုံးပြုတဲ့ သယံဇာတထုတ်ယူရေးလုပ်ငန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ သတ္တုအဆိပ်နဲ့ အာဆင်းနစ်ညစ်ညမ်းမှုတွေ မြစ်ချောင်းတွေထဲ ဝင်ရောက်ပြီး နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်အထိ ရောက်ရှိလာတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်နေတယ်လို့ သူက ထောက်ပြပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံဘက်က မြန်မာဘက်ကို ရေအရည်အသွေး စစ်ဆေးရေး ပူးပေါင်းဖို့သာ မတောင်းဆိုဘဲ နယ်စပ်ဖြတ်ကျော်သက်ရောက်မှုရှိတဲ့ သတ္တုတူးဖော်မှုတွေကို ထိန်းကြပ်ဖို့၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်တွေ ထူထောင်ဖို့နဲ့ အထက်ပိုင်းဂေဟစနစ်တွေကို ပူးတွဲပြန်လည်ထူထောင်ဖို့ တိကျတဲ့ ကတိကဝတ်တွေ တောင်းဆိုသင့်တယ်လို့ ကန်နာဝီ က ဆိုပါတယ်။
မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးမဟာဗျူဟာကိုလည်း ထိုင်းအစိုးရအနေနဲ့ ပိုမိုအလေးထားသင့်တယ်လို့ Kannavee က သုံးသပ်ထားပါတယ်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံကို သဘာဝသယံဇာတပေါများပြီး အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှကို ဆက်သွယ်ပေးနိုင်တဲ့ “Land Bridge” အဖြစ်သာမက ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးနိုင်တဲ့ မဟာဗျူဟာကျတဲ့ တံခါးပေါက်အဖြစ် ဖော်ပြခဲ့တယ်လို့ ကန်နာဝီက ရေးသားထားပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကိုလည်း အဲဒီမဟာဗျူဟာရဲ့ အဓိကမဏ္ဍိုင်အဖြစ် ဆက်လက်အကောင်အထည်ဖော်မယ်လို့ မင်းအောင်လှိုင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ Belt and Road Initiative အောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ၊ ရုရှားနဲ့ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ထားဝယ်စီမံကိန်း ပြန်လည်အသက်သွင်းရေးတွေကိုပါ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကန်နာဝီ က ထောက်ပြပါတယ်။
ဒီအခြေအနေတွေအပေါ် ထိုင်းနိုင်ငံမှာ ရေရှည်မဟာဗျူဟာတုံ့ပြန်မှုရှိသလား ဒါမှမဟုတ် ဖြစ်ပျက်နေတာကိုပဲ ကြည့်နေမလားဆိုတာ မေးခွန်းထုတ်ရမယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံက မြန်မာကို ပြည်တွင်းလုံခြုံရေးပြဿနာတွေရှိတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုအဖြစ်သာ မြင်နေပြီး မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအနေအထားကို အားကောင်းလာအောင် ကြိုးပမ်းနေတာကို လျစ်လျူရှုမယ်ဆိုရင် ထိုင်းဟာ ဒေသတွင်း မဟာဗျူဟာကို ဦးဆောင်သူမဟုတ်ဘဲ ဖြစ်လာသမျှကို လိုက်လံတုံ့ပြန်နေသူအဖြစ် ကျန်ရှိသွားနိုင်တယ်လို့ ကန်နာဝီ က သုံးသပ်ပါတယ်။
သူက ထားဝယ်ဒေသကို ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုရဲ့ နေရာတစ်ခုထက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံနေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ရှုမြင်ပေမယ့် အဲဒီလိုပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည်တည်တံ့ဖို့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးက အရင်ရှိရမယ်လို့ ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှု မတိုင်မီ ငြိမ်းချမ်းရေး ရှိရမယ် ဆိုတဲ့ အခြေခံမူကို ကန်နာဝီက အလေးထားထားပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေသရွေ့၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်ရှိနေသရွေ့ အကြီးစားရင်းနှီးမြှုပ်နှံမှုတွေဟာ ရေရှည်တည်တံ့ပြီး လုံခြုံမယ်လို့ ယုံကြည်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
ကန်နာဝီ က အာဆီယံနဲ့ ပတ်သက်တဲ့ အချက်ကို အထူးစိတ်ပျက်ရတယ်လို့လည်း ရေးသားထားပါတယ်။
ထိုင်းအစိုးရက မြန်မာနိုင်ငံကို အာဆီယံအတွင်း ပြန်လည်ပေါင်းစည်းလိုတယ်လို့ ပြောဆိုထားပေမယ့် အခုတွေ့ဆုံမှုမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အလေးအနက် ထည့်သွင်းဆွေးနွေးခဲ့သလားဆိုတာ မေးခွန်းထုတ်ထားပါတယ်။
Five-Point Consensus ဟာ နိုင်ငံရေးအဆိုပြုချက်တစ်ခုသာ မဟုတ်ဘဲ ၂၀၂၁ ခုနှစ် အာဆီယံခေါင်းဆောင်အစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင် ပါဝင်အတည်ပြုခဲ့တဲ့ စုပေါင်းကတိကဝတ်တစ်ရပ် ဖြစ်တယ်လို့ ကန်နာဝီ က ဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို အာဆီယံအတွင်း ပြန်လည်ရောက်ရှိလာစေလိုတယ်ဆိုရင် မြန်မာဘက်က အရင်က လက်ခံထားပြီးသား ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ပြန်လည်တောင်းဆိုသင့်ပြီး အခြေအနေတွေ တိုးတက်လာမယ်လို့ မျှော်လင့်နေရုံနဲ့ မလုံလောက်ဘူးလို့ သူက ထောက်ပြပါတယ်။
ထိုင်းတာဝန်ရှိသူတွေက “ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ဘာလုပ်ရမယ်လို့ မပြောခဲ့ပါဘူး၊ မြန်မာနိုင်ငံက ကိုယ်တိုင် ဘာလုပ်ရမယ်ဆိုတာ သိပြီးသားဖြစ်လို့ပါ” ဆိုတဲ့ သဘောထားပြောဆိုခဲ့တာကိုလည်း ကန်နာဝီ က လက်မခံဘူးလို့ ဆိုပါတယ်။
မြန်မာဘက်က ဘာလုပ်ရမယ်ဆိုတာ အမှန်တကယ် သိပြီး လုပ်ဆောင်ဖို့လည်း အသင့်ရှိခဲ့မယ်ဆိုရင် ငါးနှစ်ကျော်ကြာလာတဲ့ အကျပ်အတည်းဟာ ယနေ့အထိ ဆက်ရှိနေမှာ မဟုတ်သလို အာဆီယံအနေနဲ့လည်း သမိုင်းတလျှောက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုကို ဆက်လက်ရင်ဆိုင်နေစရာမရှိဘူးလို့ သူက ဝေဖန်ပါတယ်။
မိတ်ဆွေကောင်းဖြစ်ခြင်းဟာ အခြေခံမူတွေအပေါ် တိတ်ဆိတ်နေတာမဟုတ်သလို အိမ်နီးချင်းကောင်းဖြစ်ခြင်းဟာ လက်ခံထားပြီးသား ကတိကဝတ်တွေကို ပြန်ပြောဖို့ ရှောင်ရှားနေတာ မဟုတ်ဘူးလို့ ကန်နာဝီက ရေးသားထားပါတယ်။ ကြားဝင်ညှိနှိုင်းသူဖြစ်ခြင်းကလည်း လုပ်ငန်းစဉ်ရဲ့ အခြေအနေအားလုံးကို တစ်ဖက်ကသာ သတ်မှတ်ခွင့်ပေးခြင်း မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးရေးတံခါးကို ဖွင့်ထားနိုင်ပေမယ့် ဆက်ဆံမှုတိုင်းကို ရှင်းလင်းတဲ့ အခြေခံမူ၊ တိုင်းတာနိုင်တဲ့ သတ်မှတ်ချက်နဲ့ နှစ်ဖက်တာဝန်ယူမှုတွေအပေါ် အခြေခံထားတဲ့ Conditional Engagement မူဝါဒနဲ့သာ ဆောင်ရွက်သင့်တယ်လို့ ကန်နာဝီ က တိုက်တွန်းထားပါတယ်။
ကန်နာဝီ က “ဆွေးနွေးမှုတစ်ခုတည်းက မူဝါဒရလဒ်မဟုတ်ဘဲ ဆွေးနွေးမှုက ကတိကဝတ်တွေကို ထုတ်ပေးရမယ်၊ အဲဒီကတိကဝတ်တွေကလည်း နောက်ဆုံးမှာ တာဝန်ခံမှုကို ဖြစ်ပေါ်စေရမယ်” ဆိုတဲ့ သဘောထားနဲ့ သူ့ရဲ့ ရေးသားချက်ကို အဆုံးသတ်ထားပါတယ်။

