၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံထဲ တရားမဝင်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ယူဆရတဲ့ အဆင့်မြင့် FPV ဒရုန်းလေးစင်းနဲ့ စစ်ရေးမှာအသုံးပြုနိုင်တဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သိမ်းဆည်းရမိပြီး မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CIB က ထုတ်ပြန်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ သတင်းပေးချက်တခုအရ မဲဆောက်မြို့က ပါဆယ်ပို့ဆောင်ရေးကုမ္ပဏီတခုကို ဇူလိုင် ၂၁ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ရာ သံသယဖြစ်ဖွယ် ပစ္စည်းသေတ္တာနှစ်လုံးကို တွေ့ရှိခဲ့တာပါ။
အဲဒီပစ္စည်းတွေကို လာရောက်လက်ခံသူနောက် လိုက်လံစောင့်ကြည့်ပြီး စစ်ဆေးခဲ့ရာ တရားမဝင်သယ်ဆောင်လာတဲ့ ဒရုန်းပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့နေအိမ်ကို ဆက်လက်ရှာဖွေရာမှာ အလားတူပစ္စည်းတွေ ထည့်ထားတဲ့ နောက်ထပ်သေတ္တာတလုံးကို တွေ့ရှိခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာ အပြည့်အစုံတပ်ဆင်ပြီးသား FPV ဒရုန်းလေးစင်း၊ ဒရုန်းကိုယ်ထည်ခုနစ်ခုနဲ့ အမြန်နှုန်းမြင့်မော်တာတွေ၊ ကင်မရာတွေ၊ ပျံသန်းမှုထိန်းချုပ်ရေးဘုတ်တွေ အပါအဝင် အထူးပြုအစိတ်အပိုင်း ၁၆ မျိုး ပါဝင်ပါတယ်။
ဒီပစ္စည်းတွေဟာ သာမန်အရပ်ဘက်သုံး ဒရုန်းတွေမဟုတ်ဘဲ အမြန်နှုန်းမြင့် ပျံသန်းနိုင်စွမ်းနဲ့ အဆင့်မြင့်အချက်ပြဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားတာကြောင့် စစ်ရေးနဲ့ တိုက်ခိုက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တယ်လို့ CIB က ဆိုပါတယ်။
စုံစမ်းစစ်ဆေးချက်အရ ဒရုန်းပစ္စည်းတွေကို ချင်းမိုင်ကနေ မဲဆောက်မြို့ဆီ ပို့ဆောင်ခဲ့ပြီး အဲဒီကတဆင့် မြန်မာနိုင်ငံထဲ တရားမဝင်ဆက်လက်သယ်ယူဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူကို ကိုမင်းကျော်လို့ ဖော်ပြထားပြီး သွင်းကုန်အခွန်ပေးဆောင်ထားကြောင်း အထောက်အထား မတင်ပြနိုင်ခဲ့ပါဘူး။ သူကတော့ ပါဆယ်ကို လာရောက်ယူပေးတာသာဖြစ်ပြီး အထဲမှာ ဘာတွေပါဝင်တယ်ဆိုတာ မသိဘူးလို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။
လက်ရှိမှာ ကိုမင်းကျော်ကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အကောက်ခွန်မကြေညာထားတဲ့ပစ္စည်းတွေ တရားမဝင်သယ်ဆောင်မှုနဲ့ ထိုင်းအကောက်ခွန်ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။
ဒရုန်းတွေကို မြန်မာနိုင်ငံအတွင်း ဘယ်အဖွဲ့အစည်းဆီ ပို့ဆောင်ဖို့ စီစဉ်ထားသလဲဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။


