Homeပြည်တွင်းသတင်းဆော်ဒီက အစ္စရေးနဲ့ ဆက်ဆံရေးပုံမှန်မလုပ်ရင် နျူကလီးယားသဘောတူညီချက် အတည်မပြုဘူးလို့ ထရမ့်ပြော

ဆော်ဒီက အစ္စရေးနဲ့ ဆက်ဆံရေးပုံမှန်မလုပ်ရင် နျူကလီးယားသဘောတူညီချက် အတည်မပြုဘူးလို့ ထရမ့်ပြော

၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဆော်ဒီအာရေဗျနိုင်ငံက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြုလုပ်ပြီး Abraham Accords မှာ ပါဝင်မှသာ အမေရိကန်-ဆော်ဒီ အရပ်ဘက်နျူကလီးယားသဘောတူညီချက်ကို အတည်ပြုမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန်နဲ့ ဆော်ဒီတို့က အရပ်ဘက်နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို ဇူလိုင် ၂၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရက်အကြာမှာ ထရမ့်က Truth Social ကနေ အခုလိုပြောခဲ့တာပါ။

သဘောတူညီချက်ဟာ စစ်ရေးမဟုတ်တဲ့ အရပ်ဘက်နျူကလီးယားစွမ်းအင်အတွက်သာဖြစ်ပြီး နျူကလီးယားပစ္စည်းသန့်စင်ခွင့် ပေးမှာမဟုတ်ဘူးလို့ ထရမ့်က ဆိုပါတယ်။ ဒါ့အပြင် သဘောတူညီချက်အတည်ပြုရေးဟာ ဆော်ဒီအာရေဗျက Abraham Accords မှာ ပါဝင်ရေးအပေါ် လုံးဝမူတည်နေတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက တရက်စောပြီး ထုတ်ပြန်ခဲ့တဲ့ သဘောတူညီချက်ကြေညာချက်မှာ အစ္စရေးနဲ့ ဆက်ဆံရေးပုံမှန်ပြုလုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဖော်ပြထားခြင်း မရှိပါဘူး။ ထရမ့်ရဲ့ ပြောဆိုချက်အပေါ် ဆော်ဒီဘက်ကလည်း ချက်ချင်းတုံ့ပြန်ထားခြင်း မရှိသေးပါဘူး။

နှစ် ၃၀ သက်တမ်းရှိမယ့် ဒီသဘောတူညီချက်ဟာ ဆော်ဒီနိုင်ငံမှာ အမေရိကန်နည်းပညာနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်ရေးအတွက်ဖြစ်ပြီး အသက်ဝင်လာဖို့ အမေရိကန်လွှတ်တော်ရဲ့ စိစစ်မှုခံယူရဦးမှာ ဖြစ်ပါတယ်။

ထရမ့်က ယူရေနီယမ်သန့်စင်ခွင့်မပေးဘူးလို့ ပြောထားပေမဲ့ သဘောတူညီချက်ထဲမှာ ဆော်ဒီဘက်က ယူရေနီယမ်သန့်စင်တာနဲ့ အသုံးပြုပြီးနျူကလီးယားလောင်စာ ပြန်လည်ပြုပြင်တာကို အပြည့်အဝတားမြစ်ထားသလားဆိုတာ မရှင်းလင်းသေးပါဘူး။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ကြိုတင်အသိမပေးဘဲ စစ်ဆေးနိုင်တဲ့ Additional Protocol ကိုလည်း သဘောတူညီချက်မှာ ထည့်သွင်းမထားဘူးလို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။ ယူရေနီယမ်သန့်စင်ခြင်းနဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်း ပြန်လည်ပြုပြင်ခြင်းတို့ဟာ နျူကလီးယားလက်နက်တည်ဆောက်ရေးအတွက် အသုံးပြုနိုင်တဲ့ လမ်းကြောင်းတွေဖြစ်တာကြောင့် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ နျူကလီးယားမပြန့်ပွားရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

ဆော်ဒီအာရေဗျကတော့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် ရှင်းလင်းတဲ့လမ်းကြောင်းတခု မရရှိမချင်း အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြုလုပ်မှာမဟုတ်ဘူးလို့ အရင်ကတည်းက ပြောထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရကတော့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို လက်မခံသေးပါဘူး။

ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ဟာ ထရမ့်ရဲ့ ပထမသမ္မတသက်တမ်း ၂၀၂၀ ခုနှစ်မှာ Abraham Accords ကို လက်မှတ်ရေးထိုးပြီး အစ္စရေးနဲ့ ဆက်ဆံရေးပုံမှန်ပြုလုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ မော်ရိုကိုနဲ့ ဆူဒန်တို့လည်း ပါဝင်လာခဲ့ပါတယ်။

Related News

Most Read